မေလ (၂)ရက်။
တစ်နိုင်ငံလုံးကို လျှပ်စစ်ဓါတ်အားလိုအပ်ချက်ရဲ့ (၅၀)ရာခိုင်နှုန်းခန့်ကိုသာ ထုတ်ပေးနိုင်နေတယ်လို့ စစ်ကောင်စီလျှပ်စစ်ဝန်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အခုကာလမှာ တစ်နိုင်ငံလုံးကို လျှပ်စစ်ဓါတ်အားရရှိစေဖို့ တစ်ရက်ပျမ်းမျှ (၂၈၀၀)မဂ္ဂါဝပ်ခန့်ကိုသာ ထုတ်လုပ်ပေးနိုင်တယ်လို့ စစ်ကောင်စီဘက်က ဆိုပါတယ်။
အဲ့ဒီလို လျှပ်စစ်ဓါတ်အားထုတ်လုပ်နိုင်တာက ရန်ကုန်တိုင်းကို (၄၆)ရာခိုင်နှုန်း၊ မန္တလေးတိုင်းကို (၁၆)ရာခိုင်နှုန်းနဲ့ ကျန်တိုင်းနဲ့ပြည်နယ်တွေကို (၃၈)ရာခိုင်နှုန်း အချိုးကျခွဲဝေပို့လွှတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အချိုးကျ အချိန်အပိုင်းအခြားနဲ့ ဖြန့်ဖြူးထားပေမယ့် အရေးပေါ်ဝန်အားလျော့ချဖို့အတွက် ဓါတ်အားဖြတ်တောက်ရတာတွေကို ပြုလုပ်ရကာ ဓါတ်အားရရှိချိန်နဲ့ တိုက်ဆိုင်စွာဖြတ်တောက်ခဲ့ရပါက ပြတ်တောက်ချိန် ပိုမိုရှည်ကြာရတယ်လို့ ရေးသားထားပါတယ်။
ဒါ့ပြင် ဝန်အားထိန်းညှိမှုအရ ဝန်အားလျော့ချရတာတွေကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် အဆင်မပြေမှုတွေရှိပါက နားလည်ပေးနိုင်ဖို့ဆိုပြီးတော့လဲ ပြောဆိုထားပါသေးတယ်။
လျှပ်စစ်ဓါတ်အားတွေ အမြန်ဆုံး ပြန်လည်ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ပြင်ဆင်ဆောင်ရွက်တာတွေ ကြိုးပမ်းနေသလို စီမံကိန်းအသစ်တွေကိုလဲ ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။