စက်တင်ဘာလ (၂)ရက်။
ဩဂုတ်လ (၇)ရက်နေ့က ယင်းမာပင်မြို့နယ်၊ ဘန့်ဘေးကျေးရွာက စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) ကာကင်းစခန်းကို ၀င်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ကျောင်းသားလက်ရုံးတပ်တော်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီရဲ့ နမခ ကာကင်းစခန်းကို နေ့လယ် (၃)နာရီခန့်မှာ တိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်တာတွေဖြစ်ပွားခဲ့ကာ စစ်ကောင်စီက လက်နက်ကြီးတွေအပါအ၀င် Mi-35 နဲ့ လေကြောင်းပစ်ကူခဲ့ပြီး ညနေ (၆)နာရီအချိန်မှာ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲထဲ စစ်ကောင်စီဘက်က (၂၀)ဦး သေဆုံးခဲ့ကာ ဒဏ်ရာရတဲ့ အရေအတွက်ကို စိစစ်ဆဲဖြစ်ပြီး ကျောင်းသားလက်ရုံးတပ်တော်က ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ နမခ ကာကင်းစခန်းကို ကျောင်းသားလက်ရုံးတပ်တော်နဲ့ မဟာမိတ်တပ်တွေဖြသ်တဲ့ ULF စစ်ကြောင်း၊ BLDF၊ ဘုတလင် Local mobile၊ ဗျူဟာ ၄၆ ယင်းမာပင်ခရိုင်တပ်ရင်း (၁၈၊ ၂၅၊ ၃၀၊ ၃၂)၊ ဗျူဟာ ၄၇ ယင်းမာပင်တပ်ရင်း (၂၇၊ ၃၃၊ ၃၄၊ ၃၅၊ ၃၆)၊ ဗျူဟာ ၄၅ ယင်းမာပင်တပ်ရင်း (၂၁၊ ၂၂၊ ၂၃)၊ မုံရွာခရိုင်တပ်ရင်း (၂၀၊ ၂၃)၊ B 21၊ YRF နဲ့ Sallingyi GZတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ရေးသားထားပါတယ်။
ဒါ့အပြင် မကွေးတိုင်း၊ သရက်မြို့နယ်၊ တွင်းလည်ကျေးရွာရှိ ဘုရားကုန်းအနီး ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၂)နဲ့ ၆မိုင်ခန့်အကွာမှာ အင်အား (၅၀)ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၇ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့လဲ ပြောဆိုထားပါတယ်။
သြဂုတ်လ (၂၃)ရက်နေ့မှာ မကွေးတိုင်း၊ မင်းတုန်းမြို့ (၅)မိုင်ဂိတ်စခန်းအပါအ၀င် မီးသတ်ရုံးနဲ့ လဝကရုံးတို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးစာရင်းကို အတည်မပြုနိုင်သေးဘဲ တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။