စက်တင်ဘာလ (၃)ရက်။
စက်တင်ဘာလ (၁)ရက်နေ့ ည(၁၁)နာရီအချိန်မှာ လက်ပံတန်းမြို့နယ်ရှိ စစ်ကောင်စီလက်ပါးစေ ပျူစောထီးခေါင်းဆောင်တစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ရွှေတန်းမြေပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ပစ်ခတ်ရှင်းလင်းခံရသူဟာ လက်ပံတန်းမြို့နယ်၊ ပျဉ်းကတိုကုန်းအုပ်စုရဲ့ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သလို ပျူစောထီးခေါင်းဆောင်တစ်ဦးလဲဖြစ်တယ်လို့ ဆိုပါတယ်။
ပျူစောထီးခေါင်းဆောင် ဌေးနိုင်ဟာ စစ်ကောင်စီအလိုကျ လောင်းကစားပွဲတွေပြုလုပ်ပြီး ငွေရှာပေးတာနဲ့ မူးယစ်ဆေးနွယ်၀င် ဆေးခြောက်စိုက်ခင်းတွေစိုက်ပြီး ငွေရှာပေးတာတို့ကို လုပ်ဆောင်နေတာလို့ ဖော်ပြထားပါတယ်။
နောက်ပြီး သူဟာ စစ်မှုထမ်းအမည်ခံပြီး ပြည်သူတွေဆီက ငွေကြေးတောင်းခံတာနဲ့ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးတာအပြင် ၂၀၂၂ခုနှစ်ကလဲ ပြည်သူတွေရဲ့ တိုင်ကြားချက်ကြောင့် ကြေညာချက်ထုတ်ခံထားသူလို့ ပြောဆိုထားပါတယ်။
ဒါ့ကြောင့် ဒီကနေ့အထိ ပြည်သူအပေါ် မတရားဖိနှိပ်နေတဲ့အတွက် အခုလို ရှင်းလင်းလိုက်ရတာဖြစ်တယ်လို့လဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။