ဧပြီလ (၄)ရက်။
ဧပြီလ (၃)ရက်နေ့မှာ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ကို အလုံးစုံပိတ်ဆို့ထားလိုက်ပြီလို့ ကျားဖြူစစ်ကြောင်းရဲ့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြို့သိမ်းတိုက်ပွဲ (၄)လပြည့်တဲ့အချိန်မှာ မြို့ထဲ စစ်ကောင်စီစခန်းကုန်းတစ်ခုသာကျန်ရှိတဲ့ စစ်ကောင်စီတပ်တွေဟာ အလံဖြူမထောင်တာကြောင့် ပိတ်ဆို့လိုက်တာလို့ ဆိုပါတယ်။
ကော့ကရိတ်တိုက်ပွဲမှာ မြို့ရဲ့ (၇၀)ရာခိုင်နှုန်းအထိကို PDF တွေက သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီး မြို့အလယ်ရှိ စစ်ကောင်စီရဲ့ အမှတ်(၉၇)ခြေလျင်တပ်ရင်းဌာနချုပ်နေရာသာ စုဝေးနေတယ်လို့ ဖော်ပြထားပါတယ်။
“ အဲ့ဒီနေရာက ထွက်ပေါက်တစ်ခုအနေနဲ့ ဘားအံဘက်ကို သွားနိုင်လို့ ဖွင့်ပေးထားတာ၊ အခု(၄)လထဲ အလံဖြူထောင် အညံ့ခံတာမရှိလို့ အဲ့ဒီထွက်ပေါက်ကိုပါ ပိတ်လိုက်ပြီး တစ်မြို့လုံး ပိတ်ဆို့ထားတာ” လို့ ဒုစစ်ကြောင်းမှူး ဗိုလ်မှူး ကျော်ဟိန်းက ပြောဆိုထားပါတယ်။
မနေ့က နံနက်ပိုင်းနဲ့ ညနေပိုင်းအချိန်တွေမှာ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေရှိခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။
တိုက်ပွဲတွေကြောင့် ကော့ကရိတ်မြို့ထဲ အရပ်သားတွေမရှိတော့သလို နေအိမ်အများအပြားဟာလဲ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ မီးလောင်ဗုံးတွေကြောင့် မီးလောင်ပျက်စီးနေတယ်လို့ ရေးသားထားပါတယ်။
ကော့ကရိတ်မြို့သိမ်းတိုက်ပွဲကို KNLA၊ ကျားဖြူစစ်ကြောင်း၊ ဒေါနစစ်ကြောင်း၊ SOG၊ SOF၊ နဂါးဖြူ၊ ရန်ကုန်(၅၁၀၁)၊ Spring Phoenix Force နဲ့ Federal Wings အပါအဝင် အခြားဒရုန်းတပ်ဖွဲ့တွေနဲ့ ပူးပေါင်းဆင်နွှဲနေတာလို့ သိရပါတယ်။