ဧပြီလ (၅)ရက်။
ဖျာပုံအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား (၁၁)ဦးခန့်ကို ထောင်ပြောင်းရွှေ့ဖို့ဆိုပြီး ခေါ်ဆောင်သွားခဲ့တယ်လို့ PPNM ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
နိုင်ငံရေးအကျဉ်းသား (၁၁)ဦးခန့်ကို အင်းစိန်ထောင်နဲ့ သာယာဝတီထောင်ကို ပြောင်းရွှေ့မယ်ဆိုပြီး စစ်တပ်၊ ရဲနဲ့ အကျဉ်းဦးစီးဝန်ထမ်းတွေက ခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။
ထောင်ပြောင်းရွှေ့ခံရသူတွေထဲ မတ်လ (၃၁)ရက်နေ့ဖြစ်စဉ်မှာ ဥပဒေမဲ့ရိုက်နှက်ခံရပြီး ထောင်ဒဏ်(၆)လ ထပ်တိုးချခံရသူတွေ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။
အခုလို ထောင်ပြောင်းရွှေ့ချိန် ထွက်ပြေးဖို့ကြိုးစားတဲ့အတွက် ပစ်ခတ်ရာ သေဆုံးသွားတယ်လို့ ထုတ်ပြန်ပြီး ဥပဒေမဲ့သတ်ဖြတ်ခံရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတာကြောင့် အရေးပေါ်ထုတ်ပြန်ရတာလို့ PPNM က ပြောဆိုထားပါတယ်။
မတ်လ (၃၁)ရက်နေ့က ဖျာပုံအကျဉ်းထောင်ထဲ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ရာဇဝတ်အကျဉ်းသားတွေကို ထောင်ဖောက်ပြေးဖို့ ကြံစည်တယ်ဆိုပြီး ဥပဒေမဲ့ ရိုက်နှက်ခဲ့တာတွေရှိခဲ့ပါတယ်။
အဲ့ဒီလိုဥပဒေမဲ့ရိုက်နှက်ခဲ့ပြီးနောက် ရာဇဝတ်အကျဉ်းသားနဲ့ နိုင်ငံရေးအကျဉ်းသား (၁၈)ဦးကို ထောင်ဒဏ် (၆)လစီ အမိန့်ချပြီး တိုက်ပိတ်ထားခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်