စက်တင်ဘာလ (၆)ရက်။
ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ လုပ်ခလစာတွေကို တရား၀င်လမ်းကြောင်းကနေ လွှဲပြောင်းပေးပို့ဖို့ စစ်ကောင်စီက ဒီကနေ့ထုတ်သတင်းစာမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ပြည်ပမှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတွေအနေနဲ့ ရရှိမယ့် လုပ်ခလစာရဲ့ အနည်းဆုံး (၂၅)ရာခိုင်နှုန်းကို မိသားစု၀င်တွေဆီ ဘဏ်စာရင်းကို လွှဲပြောင်းပေးပို့ရမယ်လို့ ဆိုပါတယ်။
ငွေလွှဲပို့ရာမှာ သတ်မှတ်ထားတဲ့ ဘဏ်စနစ်အပါအ၀င် စစ်ကောင်စီဗဟိုဘဏ်က ခွင့်ပြုထုတ်ပေးထားတဲ့ Remittance Business License(RBL)နဲ့ ဘဏ်စနစ်နဲ့ ချိတ်ဆက်ထားတဲ့ နိုင်ငံတကာငွေလွှဲလုပ်ငန်းတွေကနေ ပေးပို့ရမယ်လို့ ဖော်ပြထားပါတယ်။
ပြည်ပအေဂျင်စီတွေကနေတဆင့် သွားရောက်လုပ်ကိုင်တဲ့အလုပ်သမားတွေအနေနဲ့ တရား၀င်ငွေလွှဲပို့ထားတဲ့ အထောက်အထားတွေကို တာ၀န်ယူစေလွှတ်ခဲ့တဲ့ အေဂျင်စီတွေဆီ မပျက်မကွက် မိတ္တူပေးပို့ရမယ်လို့ ရေးသားထားပါသေးတယ်။
မိသားစုလွှဲပို့ငွေ ပေးပို့ဖို့ ပျက်ကွက်ရင် ပြည်ပအလုပ်ထွက်ခွင့် ပိတ်ပင်တာ၊ OWIC မထုတ်ပေးတာနဲ့ ပတ်စ်ပို့သက်တမ်း မတိုးပေးတာတို့ စတာတွေအပြင် လိုအပ်သလို စိစစ်အရေးယူသွားမယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်ထားပါတယ်။
ဒါ့အပြင် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ မိသားစု၀င်တွေဆီ ငွေလွှဲပို့ရာမှာ လွှဲပို့ငွေကို တရားမ၀င် ဟွန်ဒီလုပ်ငန်း လုပ်ကိုင်သူတွေကတစ်ဆင့် လွှဲပြောင်းပေးပို့တာ မပြုကြဖို့ကိုလဲ သတိပေးထားတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။