စက်တင်ဘာလ (၆)ရက်။
မနေ့က မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ မရမ်းချောင်စစ်ဆေးရေးဂိတ်မှာ မျောက်ကျောက်ရောဂါ သံသယလူနာတွေ့ရှိတာကြောင့် စစ်ဆေးနေတယ်လို့ စစ်ကောင်စီကျန်းမာရေးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ကျိုက်ထိုမြို့နယ်ရှိ မရမ်းချောင်စစ်ဆေးရေးဂိတ်မှာ ဘားအံမြို့ကနေလာတဲ့ ခရီးသည်မှန်လုံတင်ယာဉ်ပေါ်က ခရီးသည်တစ်ဦးကို သံသယလူနာအနေနဲ့ စစ်ဆေးတွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
အခုအခါမှာ မျောက်ကျောက်ရောဂါ သံသယလူနာအနေနဲ့ တွေ့ရှိခဲ့သူကို ဓါတ်ခွဲစမ်းသပ်စစ်ဆေးတာတွေ ပြုလုပ်နေပြီး မကြာခင် ထုတ်ပြန်ကြေညာသွားမယ်လို့ စစ်ကောင်စီကျန်းမာရေးရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။
ဒါ့အပြင် တနင်္သာရီတိုင်း၊ ထား၀ယ်မြို့မှာ မျောက်ကျောက်ရောဂါ သံသယလူနာအနေနဲ့ အမျိုးသမီးတစ်ဦးကို တွေ့ရှိတာကြောင့် စစ်ဆေးခဲ့ရာ ရိုးရိုး ရေကျောက်ဖြစ်ပွားတာလို့ ပြောဆိုထားပါတယ်။
မျောက်ကျောက်ရောဂါကို နိုင်ငံတကာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေနဲ့ WHO က ကြေညာထားပြီး စစ်ကောင်စီဟာ ပြည်ပကနေ ၀င်လာသူတွေကို ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေ ဖြည့်ခိုင်းပြီး စောင့်ကြည့်နေတယ်လို့ သိရပါတယ်။