ဧပြီလ (၈)ရက်။
အကြမ်းဖက်စစ်တပ်ရဲ့ အဓမ္မစစ်သားစုဆောင်းခံရတဲ့ (၃၂)နှစ်အရွယ်ရှိ လူငယ်တစ်ဦး လက်နက်ခဲယမ်းနဲ့အတူ ကောလင်း PDF ထံ အလင်းဝင်လာခဲ့တယ်လို့ မနေ့က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီလူငယ်ဟာ ကျောက်ဆည်မြို့ အဆောင်တစ်ခုမှာနေထိုင်ပြီး တက္ကသိုလ်တက်နေသူဖြစ်ကာ ၂၀၂၃ခုနှစ် ဒီဇင်ဘာလမှာ အကြမ်းဖက်စစ်တပ်က ဝင်ရောက်ဖမ်းဆီးပြီး တပ်သားသစ်အနေနဲ့ အဓမ္မစုဆောင်းခဲ့တာလို့ ဆိုပါတယ်။
သူဟာ တပ်သားသစ်အနေနဲ့ စုဆောင်းခံခဲ့ရပြီးနောက် တောင်တွင်းကြီးမြို့ရှိ အမှတ်(၇) စစ်အခြေခံလေ့ကျင့်ရေးတပ်မှာ (၄)ပတ်ကြာ စစ်သင်တန်းတက်ရောက်ခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီကနေ ရွှေဘိုမြို့ရှိ အမှတ်(၈) စစ်အခြေခံလေ့ကျင့်ရေးတပ်ကို ပို့ဆောင်ခံရပြီး ခလရ(၃၀၅)တပ်ရင်းမှာ ကျားဘီလူးစစ်ကြောင်းခွဲအနေနဲ့ ဖွဲ့စည်းကာ ကောလင်းမြို့ကို စစ်ကြောင်းပြန်ထိုးချိန် လိုက်ပါလာခဲ့တာလို့ ရေးသားထားပါတယ်။
အဲ့ဒီလူငယ်ဟာ MA စက်သေနတ် (၁)လက်၊ ကျည်ဆန် (၁၀၀၀)တောင့်၊ ကျည်အိမ် (၆)ခု၊ လက်ပစ်ဗုံး (၁)လုံးနဲ့ နင်းမိုင်း (၁)လုံးတို့ကို ယူဆောင်ကာ မတ်လ (၁၃)ရက်နေ့က အလင်းဝင်လာခဲ့တာလို့ ပြောဆိုထားပါတယ်။
လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတဲ့ လူငယ်ကို ကောလင်းခရိုင်တပ်ရင်း (၁)က ဂုဏ်ပြုဆုငွေ သိန်း (၅၀)ပေးအပ်ခဲ့ကာ မိသားစုလုံခြုံရေးကြောင့် အလင်းဝင်လာသူရဲ့ အသေးစိတ်ကို ပြောဆိုမရသေးဘူးလို့ ဖော်ပြထားပါတယ်။
ဒါ့ပြင် အကြမ်းဖက်စစ်တပ်ရဲ့ ခလရ(၃၅)စစ်ကြောင်းဟာ မတ်လ (၅)ရက်နေ့က ကောလင်းမြို့ရှိ ကျောက်တန်းရွာကို စစ်ကြောင်းထိုးဝင်တဲ့အချိန် အသက် (၂၇)နှစ်အရွယ်ရှိ ခရီးသွားအမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်သတ်ဖြတ်တာကြောင့် အခုလို စွန့်ခွာလာတာလို့ သိရပါတယ်။