ဧပြီလ (၈)ရက်။
မွန်ပြည်နယ်၊ ရေးမြို့တောင်ပိုင်းကနေ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့အထိ အမှတ်(၈) ပြည်ထောင်စုလမ်းပိုင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဆက်လက်စိုးမိုးထားတယ်လို့ MSRF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီပြည်ထောင်စုလမ်းပိုင်းကို MSRF အပါအဝင် ဒေါနစစ်ကြောင်း၊ ABSDF တပ်ရင်း(၁)၊ ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့(KBDF)၊ ဒေါနတပ်ခွဲ(၄)၊ DDT ဒေါနတပ်ခွဲ(၇)၊ ဝေဟင်ဒေါနတပ်ခွဲ(၆)၊ ထားဝယ်တပ်ရင်း(၁)၊ ရေးသိမ်းငှက်၊ YDF၊ YGF ဒေါနတပ်ခွဲ(၃)နဲ့ YAF စတဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ထိန်းချုပ်စိုးမိုးထားတယ်လို့ ဆိုပါတယ်။
အမှတ်(၈)ပြည်ထောင်စုလမ်းပိုင်းကို MSRF နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ခရီးသွားပြည်သူတွေရဲ့ လုံခြုံရေးအတွက် နေ့စဉ် တွေ့ဆုံစစ်ဆေးနေပြီး မတ်လ(၁၉)ရက်ကစတင်ကာ ဒီကနေ့အထိ ဆက်လက်စိုးမိုးရယူထားဆဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
မတ်လ (၂၉)ရက်နေ့မှာ တော်လှန်ရေးမဟာမိတ်ပူးပေါင်းအဖွဲ့တွေက မွန်နဲ့ တနင်္သာရီအစပ်က စစ်ကောင်စီရဲ့ မလွှဲတောင်ဂိတ်စခန်းကို SF-Z လေယာဉ်နဲ့ ဗုံးသီး (၂)လုံးကျဲကာ တိုက်ခိုက်ခဲ့သေးတယ်လို့ ရေးသားထားပါတယ်။
အဲ့ဒီနောက် ထိတွေ့တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီက K-8W Jet Fighter (၂)စီးနဲ့ ဟယ်လီကော်ပတာတစ်စီး အသုံးပြုပြီး ဗုံးသီး (၄၀)ခန့် ကျဲကာ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့ပြင် စစ်ကောင်စီဟာ လေယာဉ်အလွန်အကျွံသုံးပြီး ရေဖြူမြို့ရှိ ကလော့သိုင်းရွာ၊ ရာဖူးရွာ၊ အလယ်စခန်းရွာနဲ့ ကျွဲတလင်းရွာတို့က အရပ်သားတွေကိုလဲ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြောဆိုထားပါတယ်။
အခုအခါ မတ်လ (၃၁)ရက်နေ့ကစပြီး တော်လှန်ရေးမဟာမိတ်ပူးပေါင်းအဖွဲ့တွေက ခရီးသွားပြည်သူတွေကို နံနက် (၆)နာရီကနေ ညနေ (၆)နာရီအထိသာ ခရီးသွားလာဖို့ အသိပေးထုတ်ပြန်ထားတယ်လို့ သိရပါတယ်။