ဇူလိုင်လ (၁၁)ရက်။
ငွေပေးချေတာတွေနဲ့ ငွေလွှဲပြောင်းတာတွေကို အကန့်အသတ်မရှိ ဆောင်ရွက်နိုင်ကာ စိုးရိမ်ပူပန်တာမရှိဖို့ စစ်ကောင်စီရဲ့ဗဟိုဘဏ်က မနေ့က ထုတ်ပြန်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ဘဏ်တွေအနေနဲ့ သတ်မှတ်စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ငွေသားထုတ်ယူခွင့်ပြုနိုင်ဖို့အတွက် ဗဟိုဘဏ်က အကြိမ်ကြိမ်ညွှန်ကြားထားပြီးဖြစ်ကာ Special account ဖြစ်ပါက ထည့်သွင်းခဲ့တဲ့ ပမာဏအတိုင်း ထုတ်ယူခွင့်ပြုထားတယ်လို့ ဆိုပါတယ်။
ဒစ်ဂျစ်တယ်ငွေပေးချေတဲ့ နည်းလမ်းတွေဖြစ်တဲ့ Electronic Card တွေအပါအ၀င် မိုဘိုင်းဘဏ်လုပ်ငန်းနဲ့ Mobile Pay တွေ၊ အင်တာနက်ဘဏ်လုပ်ငန်းတွေနဲ့ Mobile Wallet တွေအသုံးပြုပြီး ငွေလွှဲပြောင်းပေးချေတာတွေ ဆောင်ရွက်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
ငွေကြေးဖောင်းပွတာတွေဖြစ်ပြီး ကုန်သွယ်မှုမတည်မငြိမ်ဖြစ်တာ၊ ကုန်ဈေးနှုန်းကြီးမြင့်တာနဲ့ ကုန်ဈေးနှုန်းကစားသူတွေကို သက်ဆိုင်ရာဌာနနဲ့ အဖွဲ့အစည်းတွေက စိစစ်ဖော်ထုတ်အရေးယူသွားမယ်လို့ ရေးသားထားပါတယ်။
ဘဏ်တွေရဲ့ ငွေသွင်း/ငွေထုတ် အပ်နှံငွေအခြေအနေတွေကို စောင့်ကြည့်ထိန်းကျောင်းနေတာကြောင့် စိုးရိမ်ပူပန်စရာမလိုဘဲ ပူးပေါင်းဆောင်ရွက်သွားဖို့ စစ်ကောင်စီဗဟိုဘဏ်က ပြောဆိုထားပါသေးတယ်။
အခုလို ဗဟိုဘဏ်က ငွေထုတ်တာတွေ မကန့်သတ်ထားဘူးလို့ ပြောဆိုထားပေမယ့် ဘဏ်တွေမှာ ငွေထုတ်သူတွေ များပြားနေပြီး အကန့်အသတ်နဲ့ထုတ်ပေးတာတွေကြောင့် အခက်အခဲတွေနဲ့ကြုံနေရတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။