၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်။
ချင်းပြည်၊ ပလက်ဝမြို့နယ်တခုလုံးကို ထိန်းချုပ်လိုက်တာကြောင့် ပလက်ဝဟာ “စစ်ကောင်စီ လုံးဝကင်းစင်တဲ့ဒေသ” ဖြစ်လာခဲ့ပြီလို့ ရက္ခိုင့်တပ်တော် (AA) က မနေ့က ဇန်နဝါရီလ ၁၄ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။။
ပလက်ဝအတွင်း စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့က စတင်ခဲ့ပြီး (၂) လကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ပလက်ဝမြို့တစ်ခုလုံးကို ရက္ခိုင့်တပ်တော် (AA) က ထိန်းချုပ်နိုင်ခဲ့တာလို့ သိရပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးပစ်ကူ အမြောက်အမြားနဲ့ ပြင်းထန်စွာ တိုက်ခိုက်နေတဲ့ကြားက စစ်သည်တွေရဲ့ ပြောင်မြောက်စွာ တိုက်ပွဲဝင်နိုင်မှု၊ ပေးအပ်လာတဲ့အမိန့်တာဝန်ကို ကျေပွန်မှု၊ စစ်ဒေသအချင်းချင်း ချိတ်ဆက်တိုက်ပွဲဝင်နိုင်မှုနဲ့ ရန်သူ့အားနည်းချက်ကို အမိအရဖမ်းဆုပ်ရယူပြီး အလုံးစုံ ထိန်းချုပ်သိမ်းပိုက်နိုင်တာလို့ ရက္ခိုင့်တပ်တော် (AA) ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။
စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ တစ်ယောက်ချင်း ဒါမှမဟုတ် အုပ်စုငယ်တွေ ထွက်ပြေးလွတ်မြောက်နေတဲ့အတွက် ပလက်ဝဒေသအတွင်း မိဘပြည်သူများအနေနဲ့ အထူးသတိထားကြဖို့နဲ့ သတိထားသွားလာကြဖို့ကိုလည်း အလေးအနက် သတိပေးထားပါတယ်။
ဓာတ်ပုံ။
ပလက်ဝမြို့ကို ထိန်းချုပ်ပြီးနောက် ရက္ခိုင့်တပ်တော် (AA) စစ်သည်များကို တွေ့ရစဉ်။
Photo: AA Desk Info








