အောက်တိုဘာလ (၁၅)ရက်။
လက်နက်ကိုင်တောင်းဆိုတာတွေကို လိုက်လျောဖြေရှင်းပေးမှာမဟုတ်ဘူးလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့မှာကျရောက်တဲ့ NCA (၉)နှစ်ပြည့်မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
“ လက်နက်ကိုင်နည်းလမ်းနဲ့ လိုလားချက်တွေကို တောင်းဆိုလို့မရဘဲ နိုင်ငံရေးစားပွဲဝိုင်းကို ရောက်ရှိလာပြီး ငြိမ်းချမ်းစွာ ဖြေရှင်းနည်းနဲ့သာ ပဋိပက္ခတွေကို ပြေလည်စေမှာဖြစ်တယ်၊ ကျွန်တော့်အနေနဲ့ လက်နက်ကိုင်တောင်းဆိုတဲ့အပေါ် လိုက်လျောဖြေရှင်းပေးသွားမှာမဟုတ်ဘူးလို့ ပြောကြားလိုပါတယ်” လို့ သူက ဆိုပါတယ်။
နောက်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ စစ်တပ်က ဆောင်ရွက်နေတဲ့ နိုင်ငံအေးချမ်းဖို့ လုပ်ငန်းစဉ်တွေမှာ ဝိုင်းဝန်းပူးပေါင်းပြီး လိုလားချက်တွေကို တွေ့ဆုံဆွေးနွေးတာကနေ ညှိနှိုင်းတောင်းဆိုကြဖို့ တိုက်တွန်းထားပါတယ်။
ခေတ်အဆက်ဆက် လက်နက်ကိုင်တိုက်ခိုက်တာတွေဟာ နိုင်ငံရေးကို အကြောင်းပြပြီး လက်နက်ကိုင်တိုက်ခိုက်တာဖြစ်သလို ပြည်ထောင်စုကြီးကို အတူတကွ တည်ဆောက်ကြဖို့ထက် တသီးတခြား ရပ်တည်လိုနေကြတာလို့ သူက ပြောဆိုထားပါသေးတယ်။
နိုင်ငံကို အသိဉာဏ်အားနည်းတဲ့ နိုင်ငံသားတွေကသာ ပြည်ပက မြှောက်ထိုးပံ့ပိုးတာတွေနဲ့ ဖျက်ဆီးနေတာဖြစ်ပြီး ပြည်ပအတိုက်အခိုက်တွေကြားက နိမ့်ကျနေတဲ့ စီးပွားရေးကို ပြည်လည်မြင့်တက်လာအောင် လုပ်နိုင်ခဲ့တယ်လို့လဲ စစ်ခေါင်းဆောင်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲမှာ ပါတီစုံပါဝင်နိုင်ဖို့ ဆောင်ရွက်နေပြီး နယ်မြေဒေသအလိုက် ရွေးကောက်ပွဲကျင်းပနိုင်အောင် ဆောင်ရွက်နေကာ နှိမ်နင်းရေးလုပ်ငန်းတွေကို လုပ်သင့်လုပ်ထိုက်တာ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။