စက်တင်ဘာလ (၁၆)ရက်။
စက်တင်ဘာလ (၁၄)ရက်နေ့ နံနက် (၇)နာရီကျော်အချိန်က နတ်တလင်းမြို့၊ တောင်ညိုကွက်သစ်ရဲစခန်းကနေ ထွက်လာတဲ့ စစ်ကောင်စီရဲဆိုင်ကယ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ နတ်တလင်းပကဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
တောင်ညိုကွက်သစ်ရဲစခန်းကနေ ကင်းပတ်ဖို့ထွက်လာတဲ့ ဒုရဲအုပ်ဖြိုး၀လင်းနဲ့ အခြားအဆင့်ရဲ (၈)ဦးပါ ဆိုင်ကယ် (၅)စီးကို သာယာ၀တီခရိုင်တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ(၂)က အောင်ရတနာရပ်ကွက်ထဲ ၀င်ရောက်မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီလိုတိုက်ခိုက်တဲ့အထဲ စစ်ကောင်စီရဲတပ်ဖွဲ့၀င် (၃)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တာကြောင့် တောင်ညိုတိုက်နယ်ဆေးရုံကနေတဆင့် ပြည်ဆေးရုံကို လွှဲပြောင်းခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
မိုင်းဆွဲခံရတာကြောင့် ထိခိုက်ဒဏ်ရာရပြီး ဆေးရုံရောက်သွားတဲ့ စစ်ကောင်စီရဲတပ်ဖွဲ့၀င် (၃)ဦးထဲက တစ်ဦး သေဆုံးခဲ့တယ်လို့လဲ နောက်ဆက်တွဲသတင်းအနေနဲ့ ထုတ်ပြန်ထားပါတယ်။
တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့၀င်တွေ၊ ရဲတွေနဲ့ ပျူစောထီးတွေပါတဲ့ အင်အား (၁၀၀)ခန့် ရောက်ရှိလာပြီး အပြစ်မဲ့ပြည်သူ (၆)ဦးကို အကြောင်းမဲ့ဖမ်းဆီးသွားခဲ့ကာ ဒီကနေ့အထိ (၃)ဦးကို ပြန်မလွှတ်ပေးသေးဘူးလို့ ပြောဆိုထားပါတယ်။
ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် ပေါ်ထွန်းလာတဲ့အထိ အကြမ်းဖက်စစ်အာဏာရှင်စစ်တပ်နဲ့ လက်ပါးစေဒေါက်တိုင်မှန်သမျှကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ အသိပေးထားချက်အရ သိရပါတယ်။