အောက်တိုဘာလ (၁၆)ရက်။
ဒီကနေ့ ရန်ကုန်မြို့တစ်နေရာမှာ လုံခြုံရေးတင်းကြပ်နေတဲ့ကြားက အကြမ်းဖက်စစ်တပ်ဆန့်ကျင်တဲ့ အာဏာဖီဆန် တော်လှန်ပုန်ကန်တဲ့ လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
“ ခေါင်းဆောင်တွေလက်လွှတ်ရလဲ ဆက်တိုက်မှာပဲ၊ ရဲဘော်တွေလက်လွှတ်ရလဲ ဆက်တိုက်မှာပဲ၊ စစ်သုံးစစ်မပြတ်သရွေ့ ငါတို့တိုက်ကြမယ်၊ လူထုတိုက်ပွဲနဲ့လက်နက်ကိုင်တော်လှန်ရေး ပေါင်းစပ်အောင်ပွဲနွှဲကြမယ်၊ အရာရာဟာ ပြည်သူ့သဘောထားအတိုင်း ဖြစ်ရမယ်၊ ပြည်သူသည်သာ အခရာ အရာရာကိုပြောင်းလဲနိုင်တယ်။ ဒီခရီးနီးနေပါပြီ၊ ကျွတ်မနေနဲ့ ကြုံး” လို့ တော်လှန်လူငယ်တွေက ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်ကို ဆန့်ကျင်တဲ့ အာဏာဖီဆန် တော်လှန်ပုန်ကန်လှုပ်ရှားရာမှာ ရန်ကုန်တော်လှန်ညီနောင် (၄)ဖွဲ့က “ ကျွတ်မနေနဲ့ ကြုံး” လူထုလှုံ့ဆော်တဲ့ ကြွေးကြော်သံနဲ့ ဘန်နာချိတ်ဆွဲပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။
ဒါ့အပြင် “ မလွတ်လပ်သေးသရွေ့ သီတင်းကျွတ်လည်းမရှိဘူး၊ ဘာပွဲတော်မှမရှိဘူး တိုက်ပွဲပဲရှိတယ်” ၊ “ ဘာကိုမှကျွတ်ကျဲမနေနဲ့ ကြောက်မနေနဲ့ လုပ်စရာရှိတာဆက်လုပ်ကြမယ်၊ ကြုံးကြမယ်” ၊ “ တစ်ယောက်တည်းကျန်လည်း ကိုယ့်အရိပ်နဲ့ကိုယ်လက်တွဲ ငါတို့ဆက်တိုက်မယ်၊ ငါတို့မှာငါတို့ရှိတယ်” ၊ “ ငါတို့အိမ်ပြန်လမ်း ဘယ်သူမှ တားဆီးခွင့်မရှိဖူး၊ ဘယ်နိုင်ငံမှ ဝင်ရောက်ခြယ်လှယ်ခွင့် မရှိဖူး” ၊ “ ဘာမှကျွတ်မနေနဲ့ ကြုံး…” လို့ ပြောဆိုထားပါတယ်။
အဲ့ဒီလှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင် (၄)ဖွဲ့ဖြစ်တဲ့ Kyimyindaing Networks(KMD18)၊ Mayangone Democratic Front(MDF)၊ Owl Community နဲ့ Linn Yaung Ni Youth Organization(LYNYO)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာလို့ သိရပါတယ်။