အောက်တိုဘာလ (၁၆)ရက်။
ဒီကနေ့ကစပြီး ဟားခါးမြို့ပေါ်မှာ ညနေ (၆)နာရီကစပြီး နံနက် (၆)နာရီအထိ အပြင်ထွက် သွားလာတာတွေ မပြုလုပ်ဖို့ CDF-HAKHA က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
ဇူလိုင်လ (၃၀)ရက်နေ့က အသိပေးထုတ်ပြန်ခဲ့တဲ့ အိမ်မွေးခွေးတွေကို ရောင်းတာ/သတ်တာကို မလုပ်ဆောင်ပါက ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမယ်လို့ ထပ်မံအသိပေးထားပါတယ်။
တော်လှန်ရေးကို အနှောင့်အယှက်ဖြစ်စေတာကြောင့် ဟားခါးမြို့မှာ ခွေးမွေးခွင့်မရှိသလို ဘယ်သူမဆို အိမ်ပြင်ထွက်နေတဲ့ လမ်းပေါ်က ခွေးတွေကို သတ်ခွင့်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
အခုအခါ ဟားခါးနဲ့ ထန်တလန်ကြားကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာကာ Chinland Council ပူးပေါင်းတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားနေပြီး ဟားခါးမြို့ပေါ်ကနေ စစ်ကောင်စီတပ်ဟာ လက်နက်ကြီး ပစ်ကူပေးနေတယ်လို့ ဆိုပါတယ်။
မနေ့ကလဲ ဟားခါးနဲ့ ထန်တလန်ကြား စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ချင်းပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်က (၁၀)ဦးကျော်သေဆုံးပြီး (၂၀)ခန့် ဒဏ်ရာရရှိခဲ့တယ်လို့ CNF/CNA က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ထန်တလန်မြို့သိမ်းစစ်ဆင်ရေးကာလ (၂)လကျော်အကြာမှာ Chinland Council ပူးပေါင်းတပ်တွေက မြို့ပေါ်ရှိ စစ်ကောင်စီရဲ့ (၂၆၉)တပ်ကုန်း၊ Lai Villa၊ CB ဘဏ်အပြင် ဟားခါး-ထန်တလန်ကြားရှိ အော်တိုတောင်၊ လုံခါရ်တောင်နဲ့ အမာခံစခန်းငယ် (၉)ခုကို သိမ်းပိုက်ထားတယ်လို့ သိရပါတယ်။