ဇွန်လ (၁၇)ရက်။
စစ်ကောင်စီတပ်ဟာ ပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေကို ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မနေ့က နေ့လယ်(၃)နာရီခွဲအချိန်မှာ စစ်ကောင်စီတပ်ဟာ နောင်ချိုမြို့၊ ဘန့်ဘွေရွာကနေ ဆမ္မဆယ်ရွာကို ဒရုန်းနဲ့ ဗုံး(၄)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီနေ့ ညနေ(၄)နာရီခန့်ကလဲ အုမ္မတီးနဲ့ အုမ္မခါးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ သုံးဆယ်ကျေးရွာရှိ (၈)ရပ်ကွက်ကို လက်နက်ကြီးနဲ့ (၂)ကြိမ် ပစ်ခတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ပြင် ဇွန်လ (၁၅)ရက်နေ့ ည(၉)နာရီ (၄၅)မိနစ်ကစပြီး (၁၂)နာရီအချိန်အထိ မိုးမိတ်မြို့မှာ စစ်ကောင်စီတပ်က ဒိုပင်ကျေးရွာကို ဦးတည်ပြီး လက်နက်ကြီး(၆)ကြိမ်နဲ့ နောင်ချိုမြို့၊ ဆမ္မဆယ်ရွာကို (၈)လုံး ပစ်ခတ်ခဲ့တယ်လို့ ရေးသားထားပါတယ်။
ဇွန်လ (၁)ရက်နေ့ကစပြီး (၁၆)ရက်နေ့အထိ စစ်ကောင်စီတပ်က မိုးမိတ်နဲ့ နောင်ချိုမြို့ကို ဒရုန်းနဲ့ ဗုံး(၄)လုံးအပါအဝင် လက်နက်ကြီး (၄၂)ထက်မနည်း ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။