vဧပြီလ (၁၈)ရက်။
ဧပြီလ (၁၇)ရက်နေ့ နေ့လယ် (၁)နာရီခွဲအချိန်ခန့်က မော်လမြိုင်မြို့က မုပွန်နယ်မြေရဲစခန်းမှာ အချုပ်သားအချို့ အချုပ်ခန်းဖောက်ပြေးခဲ့တယ်လို့ ရဲကြေးနန်းသတင်းတွေအရ သိရပါတယ်။
မုပွန်နယ်မြေရဲစခန်းမှာ အချုပ်သား (၄)ဦးက အချုပ်ခန်းအမိုးကို ဖောက်ထွက်ကာ လုံခြုံရေးရဲတစ်ဦးရဲ့ သေနတ်ကို လုယူပစ်ခတ်ပြီး ထွက်ပြေးသွားခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီလို အချုပ်သားတွေက သေနတ်လုယူကာ ပစ်ခတ်ခဲ့တာကြောင့် တာ၀န်ကျနေတဲ့ ရဲတပ်ကြပ်ကြီး ထွန်းရှိန်ဆိုသူဟာ နဖူးဖောက်၀င်ဒဏ်ရာနဲ့ သေဆုံးသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
သေနတ်လုယူကာ အချုပ်ခန်းဖောက်ပြေးတဲ့ အချုပ်သားတွေကို လိုက်လံဖမ်းဆီးခဲ့ရာ အချုပ်ခန်းရဲ့ ခေါင်မိုးပေါ်မှာ အချုပ်သားတစ်ဦးကို ပြန်လည်ဖမ်းမိခဲ့တယ်လို့ ရေးသားထားပါတယ်။
ကျန်အချုပ်သား (၃)ဦးကတော့ လွတ်မြောက်သွားခဲ့သလို သူတို့နဲ့အတူ M-16 သေနတ်တစ်လက် ပါသွားခဲ့တယ်လို့ ရဲကြေးနန်းသတင်းတွေက ပြောဆိုထားပါတယ်။
အခုလို အချုပ်သားအချို့ ရဲစခန်းအချုပ်ကနေ ဖောက်ပြေးကာ သေနတ်လုယူ ပစ်ခတ်ခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာအာဏာပိုင်တွေက တရား၀င် ထုတ်ပြန်ထားတာမရှိဘူးလို့ သိရပါတယ်။