နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ စက်တင်ဘာလ 8 ရက်

1027 Operations

1027 Operations မြန်မာသတင်း အယ်ဒီတာ့အာဘော်

တရုတ်ရဲ့ စွက်ဖက်မှုနဲ့ မြန်မာ့အနာဂတ်နိုင်ငံရေး

အယ်ဒီတာ့အာဘော်

မြောက်ပိုင်းညီနောင် ၃ ဖော်ရဲ့ ၂၀၂၃ ခုနှစ်၊ ၁၀လ ပိုင်း၂၇ရက် (၁၀၂၇) ပထမလှိုင်းမှာ နယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မြို့မှလွဲ၍ နမ့်ခမ်း၊ သိန္နီမြို့ ၊ ချင်းရွှေဟော်၊ ကွမ်းလုံ၊ မုန်းကိုး ၊ ပန်ဆိုင်း(ကြူကုတ်) ၊ ဖောင်းဆိုင်၊ ဟိုပန် နမ္မတူ၊ လောက်ကိုင်၊ နမ့်စမ် တို့ကိုရခဲ့တယ်။ နမ့်ဆန်ကို ဒီဇင်ဘာ ၁၀ရက်နေ့တိုက်ပြီး ၁၅ရက်နေ့မှာရရှိခဲ့တယ် ၁၀၂၇စစ်ဆင်ရေးတွင် စံချိန်တင်လက်နက်ခဲယမ်းများ အများဆုံးရရှိခဲ့ကြပါတယ်။

ညီနောင်သုံးဖော်က လားရှိုးကို ဦးတည်တိုက်ဖို့ဖြစ်လာချိန်မှာတော့ တရုတ်ကြားဝင်မှုနဲ့ ဟိုင်ဂင်သဘောတူညီချက်ကို ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့ မှာ စကစနဲ့ ယာယီအပစ်ရပ်ဖို့ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ညီနောင်တွေအနေနဲ့ တိုက်ပွဲစပြီး ၇၇ ရက်အကြာ စုစုပေါင်းမြို့ပေါင်း ၁၆ မြို့ကို သိမ်းယူထားပြီး ဖြစ်တယ်။

တချိန်တည်းမှာပဲ တရုတ်ရဲ့ တောင်းဆိုမှုကြောင့် ဝနဲ့ ကိုးကန့်အဖွဲ့တွေဟာ အွန်လိုင်းကျားဖြန့် လောင်းကစား လိမ်လည်ဂိုဏ်းဝင်တွေကို ဖမ်းဆီးပြီး တရုတ်ပြည်ကို ပို့ဆောင်ပေးခဲ့သလို စကစကလည်း သူတို့နေပြည်တော်မှာ ခေါ်ယူပြီး အကာအကွယ်ပေးထားတဲ့ ပယ်ဆောက်ချိန်မိသားစုနဲ့ သူတို့ခန့်ထားတဲ့ ကိုးကန်းဂိုဏ်းခေါင်းဆောင်တွေကို ဖမ်းဆီးပြီး နေပြည်တော်လေဆိပ်ကနေ တရုတ်အထူးလေယဉ်နဲ့ ပို့ပေးလိုက်တယ်။ ဒါက ဘာကို ပြသလဲဆိုရင် တရုတ်ဖိအားကို သူတို့ မလွန်ဆန်နိုင်ဘူး၊ လောက်ကိုင်က ငွေလိမ်ဂိုဏ်းတွေကြောင့် တရုတ်နိုင်ငံ စီးပွားရေး ဘီလီယံနဲ့ချီပြီး ထိခိုက်နေတာကို တရုတ်က အသိပေး အရေးယူဖို့ပြောတာကို ကိုယ်နဲ့မဆိုင်သလိုနေပြီး အဲဒီကရရှိတဲ့ အကျိုးအမြတ်တွေကို မှိန်းပြီး ယူနေခဲ့တာကြောင့် မြောက်ပိုင်းညီနောင်တွေရဲ့ စစ်ဆင်ရေးကို တရုတ်က မီးစိမ်းပြခဲ့တယ်။ အကျိုးဆက်ကတော့ လောက်ကိုင်နဲ့ မြောက်ပိုင်းတခွင်ကို ညီနောင်တွေက တိုက်ခိုက်သိမ်းယူနိုင်ခဲ့ကြတာဖြစ်တယ်။ ညီနောင်သုံးဖော်က စစ်အုပ်စု အမြစ်ပြတ်ခြေမှုန်းရေးနဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ ကိုးကန့်နယ်မြေမှ ကင်းစင်ရေးကို ကြွေးကြော်ပြီး တိုက်ခဲ့ကြတာကြောင့် တရုတ်အကြိုက်ဖြစ်သလို နွေဦးတော်လှန်ရေးကို ဆင်နွဲနေတဲ့ တော်လှန်ရေးသမားတွေရဲ့ထောက်ခံမှုကို တခဲနက် ရရှိလာခဲ့ကြတာ ဖြစ်တယ်။

TNLA က ဇွန်လ (၂၄) ရက်နေ့မှာ ၁၀၂၇ အပိုင်း (၂) ဒုတိယလှိုင်းကို ကြေညာခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့မှာ နောက်ဆုံးကျန်ရှိနေတဲ့ စစ်ကောင်စီရဲ့ အမှတ် (၆၀၆) ဒုံးတပ်ရင်းကို ဇူလိုင်လ ၁၀ ရက်နေ့မှာ သိမ်းပိုက်လိုက်ပြီးနောက် တစ်မြို့လုံးကို တအောင်းအမျိုးသား တပ်မတော် TNLA က ထိန်းချုပ်ထားလိုက်တယ် ။ ဗိုလ်ချုပ် တာဖုန်းကျော်ပြောတဲ့ နံရံကို ခေါင်းနဲ့တိုက်ရင် ပြိုနိုင်တဲ့အချိန်ရောက်နေပြီဆိုတာ တကယ်မှန်တဲ့ အချိန်ရောက်နေပြီ။ အားလုံးညီညီညွတ်ညွတ်နဲ့ ဝိုင်းတိုက်ကြရင်ပြိုပြီလို့ တာဖုန်းကျောက ဆိုခဲ့တယ်။

ဒီနေရာမှာ အေအေ စစ်ဦးစီး ဗိုလ်ချုပ်ထွန်းမြတ်နိုင် ပြောတာကို သဘောကျတယ်။ သူက ဧရာဝတီသတင်းဌာနမှာပြောခဲ့တာက “မြန်မာနိုင်ငံမှာ တော်လှန်ရေးက နှစ်ပေါင်း ၇၀ ကြာပြီလို့ပြောတယ်။ တကယ်ဆိုရင် တော်လှန်ရေးလုပ်နေပါတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေက သူတို့တကယ် နှစ်ပေါင်း၇၀ မတိုက်ပါဘူး၊ သူတို့အလုပ်မကြိုးစားပါဘူး။ ကျွန်တော်သေချာပြောရဲတယ် ခဏနေအပစ်ရပ်လိုက် လူကြီးတွေက ဝိုင်သောက်လိုက်နဲ့ ဇိမ်ခံနေကြတာ များတယ်။ နှစ်ပေါင်း၇၀ နှစ်ပေါင်း ၇၀ နဲ့ စကားကို လွယ်လွယ်နဲ့ပြောပြီး အချိန်ကာလတွေကို ပြဌာန်းနေကြတယ်။”

ဒီတိုင်းရင်းသားတော်လှန်ရေးခေါင်းဆောင် နှစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်တာဖုန်းကျော်နဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့နှစ်ယောက်က အသက် ၄၀-၅၀ ဝန်းကျင်လူလတ်ပိုင်းတွေ ဖြစ်ပြီး တော်လှန်ရေး အောင်မြင်ဖို့အတွက် ကြိုးစားဆောင်ရွက်နေကြတဲ့ ခေတ်သစ်တော်လှန်ရေးသမားတွေ ဖြစ်ပြီး သူတို့မှာ ရည်မှန်းချက်ကို ရအောင်ယူမယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်မှု ရှိတယ်။ နှစ် ၇၀ တော်လှန်ရေး လုပ်ပြီး တောထဲက မထွက်နိုင်တဲ့ ရှေးရိုးတော်လှန်ရေးသမားတွေနဲ့ သူတို့က အမြင်မတူသလို လုပ်နည်းလုပ်ဟန်လည်း လုံးဝကွဲပြားတယ်။

အေအေက သူ့ရခိုင်ပြည် ပြန်ရရေး ကိုယ့်ပြည်ကိုယ် အုပ်ချုပ်နိုင်ရေးကို အားသွန်ခွန်စိုက် လုပ်နေသလို ရခိုင်ပြည်နဲ့ ဆက်စပ်နေတဲ့ ချင်းပြည်က လူငယ်တော်လှန်ရေး အဖွဲ့ဖြစ်တဲ့ CDF မင်းတပ်၊ Student Armed Force (SAF), Yaw Defense Force (YDF), GZ Army (GZA) တို့ကို စစ်သင်တန်းတွေ ပေးသလို လိုအပ်တဲ့ လက်နက်တွေကိုပေးပြီး မဟာမိတ်တွေအဖြစ် အမြင်ကျယ်ကျယ်နဲ့ လက်တွဲထားခဲ့တယ်။ ဘာကြောင့်လဲဆိုရင် ချင်းပြည်နယ်နဲ့ ယောနယ်တွေကနေ လိုအပ်တဲ့စားနပ်ရိက္ခာလမ်းကြောင်းတွေ က ဒီအဖွဲ့တွေရဲ့အကူအညီနဲ့ရယူနိုင်တယ်။ အပြန်အလှန်အားဖြင့် ချင်းနဲ့ မကွေးတိုင်းကလည်း သူတို့စစ်ရေးအကူအညီကို အေအေဆီကရတယ်။

လက်ရှိနိုင်ငံရေး တိုးတက်ဖြစ်ပေါ်မှုတွေဟာ အရှိန်အဟုန်နဲ့ လျှင်မြန်စွာ ဖြစ်လာနေတယ်။ ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းက အခုဆိုရင် ရှမ်းမြောက်ကနေ နောင်ချိုကို သိမ်းနိုင်ခဲ့ပြီး ပြင်ဦးလွင် (မေမြို့) ဟာ လက်တကမ်း အကွာမှာ ရောက်နေပြီဖြစ်တယ်၊ TNLA နဲ့ မန္တလေး PDFတို့က တက်ညီလက်ညီနဲ့ တိုက်နေပြီး MNDAA ကလည်း လားရှိုးအထိ ဝိုင်းရံပိတ်ဆို့ထားနိုင်တဲ့ အနေအထားရှိတယ်။ အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) ကို ပထမဆုံးအနေနဲ့ ခြိမ်းခြောက်နေခဲ့ပြီ ဖြစ်တယ်။ စစ်ကောင်စီတပ်က တန့်ယန်းနဲ့ လားရှိုးကြား အထပ်ထပ်ပိတ်ဆို့ထားတယ်။ တန့်ယန်းမြို့က ဝနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းဆက်သွယ်မှုမှာ အဓိကကျတဲ့မြို့လည်း ဖြစ်တယ်။ ကူမင်းမြို့မှာ တရုတ်နဲ့ ဝ အပါအဝင် ညီနောင်သုံးဖော် ဆွေးနွေးနေတယ်။ စစ်ကောင်စီတော့ မပါဘူး။ MNDAA က တရုတ်နိုင်ငံရဲ့ အာဏာရပါတီဖြစ်တဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ တတိယအကြိမ် အစည်းအဝေး ကျင်းပဖို့ရှိနေတဲ့ အတွက်ကြောင့် ဇူလိုင် ၁၄ ရက်နေ့ ညကနေ ၁၈ ရက်နေ့အထိ အပစ်ရပ်မယ်လို ကိုးကန့်တပ်က သတင်းထုတ်ပြန်လိုက်ပါတယ်။

အဲဒီထုတ်ပြန်ချက်ထဲမှာ တရုတ်ရဲ့စိုမ်းရိမ်ချက်အရ၊ တောင်းဆိုလာချက်အရ အပစ်ရပ်ရတာဖြစ်ပြီး အဲဒီအပစ်ရပ်တာကို တပ်ဖွဲဝင်အားလုံး လိုက်နာရမယ်လို ဆိုထားပါတယ်။

လားရှိုး ကျမကျဟာ MNDAA ရဲ့ထိုးစစ်ကို UWSA နဲ့ SSPP/SSA တပ်တွေက ထောက်ပို့လမ်းကြောင်းတွေကို ပိတ်ထားမလား ဖွင့်ပေးမလား စကစနဲ့သူတို့ ဘယ်လောက်အထိ နားလည်မှုယူထားသလဲဆိုတဲ့အပေါ် အဓိက မူတည်နေတယ်။

ဘာကြောင့်လဲဆိုတော့ လားရှိုးကို ထိုးစစ်စတဲ့အချိန်မှာ တန့်ယန်းမြို့ကို UWSA တပ်က စစ်ကောင်စီနဲ့ညှိပြီး ဝင်နေရာယူတယ်၊ မိုင်းရယ်မြို့ကိုလည်း SSPP/SSA တပ်တွေက ဝင်ယူတယ်။ စကစတပ်တွေကညှိပြီး ထွက်ပေးတယ်။ ဒီအချက်က မြောက်ပိုင်းအဖွဲ့တွေနဲ့ စကစ ကြားမှာ အင်မတန်ညင်သာတဲ့ နိုင်ငံရေးကစားမှုတွေ ရှိနေတာ တွေ့ရတယ်။ UWSA နဲ့ SSPP/SSA က MNDAA ရဲ့လားရှိုး ထိုးစစ်ကို မတားဘူး။ ဒါပေမဲ့ ဝ က သူတို့ ဌာနချုပ်ပန်ဆန်းကို တန့်ယန်းမြို့က စစ်ပြေးတွေ သိန်းချီရောက်မလာအောင်ကြိုပြီး နေရာယူထားလိုက်တဲ့ သဘောလို့ပြောတယ်။

ဘာပဲဖြစ်ဖြစ် မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့များက ပထမလှိုင်းမှာ သူတို့သိမ်းပိုက်နိုင်ခဲ့တဲ့ ဟိုပန်နဲ့ ပန်လုံမြို့နှစ်မြို့ကိုလည်း မဟာမိတ်ဖြစ်တဲ့ “ဝ”ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ကို လွှဲပြောင်းပေးခဲ့တဲ့အတွက် UWSA သည် သေနတ်တစ်ချက်မျှ ဖောက်စရာမလိုဘဲ ရရှိခဲ့သလို လွန်ခဲ့တဲ့ ဇူလိုင်လ ၁၀ ရက်နေ့မှာ ‘ဝ’ တပ်ဖွဲ့ရဲ့ တပ်ဖွဲ့ဝင် အင်အား ၂၀၀၀ ကျော်လောက်ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ကောင်စီထိန်းချုပ်ထားတဲ့ တန့်ယန်းမြို့ထဲကို ဝင်ရောက်လာပြီး၊ ၁၀၂၇ ဒုတိယစစ်ဆင်ရေးမှာ သေနတ်တချက်မှမဖောက်လိုက်ရပဲ တန့်ယန်းမြို့ကို ဝက ရလိုက်တာကြောင့် ၁၀၂၇ စစ်ဆင်ရေးမှာ အကျိုးအမြတ်အများဆုံးရရှိခဲ့တဲ့ အဖွဲ့ဖြစ်ခဲ့တယ်။

ဒီနေရာမှာ စစ်ကောင်စီက သူတို့တပ်ရှိနေတဲ့ တန့်ယန်းမြို့နဲ့ မိုင်းရယ်မြို့တွေကို ဝနဲ့ ရှမ်းတပ်တွေက ဝင်နေရာယူတာကို ခွင့်ပြုလိုက်တာဟာ သူတို့အနေနဲ့ TNLA နဲ့ MNDAA ကို ဘယ်လိုမှ မတိုက်နိုင်တော့တာကြောင့် မြောက်ပိုင်းအဖွဲ့တွေ အကြား မဟာမိတ်ဖွဲ့ထားမှုကနေ ပျက်ပြားသွားပြီး အချင်းချင်းနယ်မြေ လုလာကြအောင် ခြေတလှမ်းဆုတ် ပေးလိုက်တာလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ အင်အားကြီးတဲ့ “ ဝ” ကို ဘယ်သူကမှ စောဒကမတက်ပဲ သူဝင်ယူတာကို လက်ခံခဲ့ကြတယ်။ ဒါပေမဲ့ TNLA နဲ့ SSPP/SSA အခြေအနေကတော့ မသိနိုင်ဘူး။

ရှမ်းမြောက်မှာရှိတဲ့ လက်နင်ကိုင်တိုင်းရင်းသား အဖွဲ့တွေဖြစ်တဲ့ UWSA၊ TNLA ၊ MNDAA ၊ AA ၊ SSPP/SSA တို့ မဟာမိတ်ဖွဲ့ထားတာ ခိုင်မာမှုရှိရဲ့လား၊ ရှိခဲ့ရင်လဲ ဘာကြောင့် နယ်မြေဦး နေရာယူနေကြတာလဲလို့ မေးစရာရှိလာပါတယ်။

ဒီနေရာမှာ တခုတွေ့ရတာက SSPP/SSAက ဗိုလ်မှူးကြီးစိုင်းဆုနဲ့ ဗီအိုအေ အင်တာဗျူးမှာ သူက သူတို့ SSPP/SSA နဲ့ UWSA ၊ မိုင်းလား(Mongla) The National Democratic Alliance Army (NDAA) တို့ဟာ အစိုးရနဲ့ NCA သဘောတူထားတာကြောင့် သူတို့အနေနဲ့ NCA လမ်းကြောင်းအတိုင်းစစ်အုပ်စုကို မတိုက်ပဲ နေတယ်။ ဒါပေမဲ့ တိုက်တဲ့ တိုင်းရင်းသားအဖွဲ့တွေက သူတို့တိုက်ရလို့ရတဲ့ နယ်မြေတွေကို သူတို့နယ်မြေအဖြစ်သိမ်းလာတယ်။ ကျွန်တော်တို့ရည်ရွယ်ချက်က မဟာမိတ်အချင်းချင်းကို တိုက်ဖို့ မဟုတ်သလို စစ်ကောင်စီကိုလည်း တိုက်ဖို့မဟုတ်ဘူး။ ကျွန်တော်တို့နယ်မြေကို အခြားသူတွေ မအုပ်ချုပ်နိုင်အောင် ဝင်ယူထားတာဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့က ပြည်သူလူထုတွေကို အကာအကွယ်ပေးဖို့ ရည်ရွယ်ပြီး မိုင်းရယ်မြို့ကို ဝင်ရောက် နေရာယူတာဖြစ်တယ်၊ ကျွန်တော်တို့(၃)ဖွဲ့ SSPP/SSA ၊ UWSA နဲ့ NDAA က ရပ်တည်ချက်တူတယ် နိုင်ငံတော်အဆင့် လက်မှတ်ရေးထိုးထားတယ် ကျန် (၄)ဖွဲ့ကို စစ်ကောင်စီက လက်မခံဘူး။ ဒါကြောင့် သူတို့က တိုက်နေကြတာ ဖြစ်တယ်။ စစ်ကောင်စီ ရှိနေရင် မဟာမိတ်က လိုက်တိုက်နေတော့ ကိုယ့်နေရာတွေကို သူတို့ (စစ်ကောင်စီ)က နေရာ ဖယ်ပေးရင်တော့ ကောင်းတာပေါ့” ဟုပြောခဲ့သည်။ ဒီအချက်က SSPP/SSA က စစ်ကောင်စီကို မတိုက်လိုဘူး ဒါပေမဲ့ ရှမ်းဒေသက စစ်ကောင်စီ အခြေချတဲ့နေရာတွေကို ရှမ်းတပ်ကို လွှဲပေးတာ လိုချင်တယ်။ TNLA ကတော့ တိုက်ယူမယ်။

နောက်ဆုံး ရှမ်းမြောက်တခုလုံး စကစ လောင်းရိပ်က လွတ်သွားရင် နယ်မြေ ဘယ်လို သတ်မှတ်ယူကြမလဲ မဟာမိတ်ပြိုကွဲပြီး အင်အားကြီးသူ အကုန်ယူတိုက်ယူဆိုတဲ့ သဘောဖြစ်လာမလား မေးခွန်းတွေ အများကြီး ရှိလာတယ်။ အရင်ကလဲပြောခဲ့တဲ့ TNLA နဲ့ KIA တို့နယ်မြေပြဿနာ KIA Sub- State အဖြစ် သတ်မှတ်ထားတဲ့ ရှမ်းမြောက်က နေရာတွေကို TNLA သိမ်းယူထားပြီး KIA ဂိတ်တွေကို မောင်းထုတ်တာလည်း ရှိခဲ့တယ်။

SSPP/SSA အနေကလည်း သူတို့ SSPP စိုးမိုးနယ်မြေကို တခြားအဖွဲ့အစည်းတွေ လက်ထဲမရောက်အောင် ကာကွယ်တာဖြစ်တယ်လို့ SSPP ပြောရေးဆိုခွင့်ရှိသူ အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီးစိုင်းဆုက ပြောခဲ့တယ်။ အဲဒါကိုကြည့်ရင် MNDAA က တန့်ယန်းနဲ့ မိုင်းရယ်ကို သိမ်းယူသွားမှာကို UWSA နဲ့ SSPP/SSA တို့က မလိုလားဘူးဆိုတဲ့ သဘောဖြစ်တယ်။ အဲဒီမြို့တွေကို သူတို့က ထိန်းချုပ်ထားတယ်။

TNLA ရဲ့ ဇူလိုင် ၁၃ ရက်နေ့ ထုတ်ပြန်ထားချက်အရ “ ၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းရဲ့ (၁၉) ရက်မြောက်နေ့အထိ မိုးကုတ်၊ မိုးမိတ်နဲ့ သီပေါမြို့တို့မှာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ဇူလိုင်လ (၁၂) ရက်နေ့ မနက်ပိုင်းအချိန်က နမ့်စန်မြို့၊ မတ်ကျန်းကျေးရွာအနီးက နားရိုင်းကျေးရွာလမ်းခွဲမှာ RCSS/SSA အဖွဲ့ဝင်တွေကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ထားချက်အရ သိရတယ်။

သိမ်းဆည်းရမိခဲ့တဲ့ လက်နက်ခဲယမ်းတွေကို RCSS/SSA အဖွဲ့က PNLO/PNLA ထံက ရယူခဲ့ပြီး KNPP နဲ့ KNDF အပါအဝင် KNLA တို့ထံ ပို့ဆောင်ပေးဖို့ သယ်ဆောင်လာတာလို့ ဖော်ပြထားပါတယ်။ ဒီအချက်တွေအားလုံးကိုကြည့်ရင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ တဖွဲ့နဲ့တဖွဲ့ကို အားပေး ကူညီနေကြသလို တဖွဲ့နဲ့တဖွဲ့လည်း နယ်မြေလုမှု တိုက်ပွဲတွေ မဆင်နွဲကြဖို့ ထိန်းသိမ်းလုပ်ဆောင်နေကြတာကို တွေ့ရပါတယ်။ ဒါဟာ သူတို့အနေနဲ့ စစ်အုပ်စုရဲ့သွေးထိုး ဖြိုခွဲမှုထဲကို ကျရောက်သွားမှာကို သတိကြီးစွာထားပြီး လုပ်ဆောင်နေတာဖြစ်တယ်၊ ဘုံရန်သူမပျောက်ဖို့ အတိတ်က သင်္ခန်းစာယူပြီး သတိရှိနေကြတယ်ဆိုတာ တွေ့ရပါတယ်။

ချင်းပြည်ဘက်မှာလည်း မတူပီမြို့ကို ချင်းညီနောင်(Chin Brother hood- CB)၊ ရခိုင်တပ်တော် (AA) နဲ့ယောကာကွယ်ရေးတပ်(YDF) တို့ ပူးပေါင်းတိုက်ခိုက်ပြီး သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒီလိုသိမ်းပိုက်မှုမှာ မြို့ကိုမရခင် ချင်းပြည်ကောင်စီ ကချင်းအမျိုးသားတပ်မတော် CNF နဲ့ မဟာမိတ်အဖွဲ့တွေက ချင်းညီနောင်နဲ့ မဟာမိတ်တွေကို နောက်ကနေ ဝင်တိုက်ခဲ့တာ ဖြစ်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်က CNF အနေနဲ့ သူတို့လက်အောက်မှာ မရှိတဲ့ CDF, AA, YDF တွေမြို့သိမ်းတာကို မလိုလားတဲ့အတွက် ရန်သူအားပေးတဲ့ လုပ်ရပ်အဖြစ် မြင်တွေ့ရတာကြောင့် ဘုံရန်သူကိုမတိုက်ဘဲ ဘုံရန်သူကို တိုက်နေတဲ့ သူတွေကို မနာလိုမှုနဲ့ ဝင်ဖျက်ခဲ့တာကြောင့် နာမည်ပျက်ခဲ့ရတာကို တွေ့ရတယ်။ ဒါပေမဲ့ CNF ဝင်ရောက်နှောက်ယှက်ခဲ့ပေမယ့် ချင်းညီနောင်တွေက မတူပီမြို့ကို သိမ်းပိုက်နိုင်ခဲ့တယ်။ ချင်းတော်လှန်ရေး အဖွဲ့တွေ မညီညွတ်တာကြောင့် ချင်းပြည်ဟာ အမြန်ဆုံးလွတ်မြောက်နိုင်တဲ့ အနေအထားရှိခဲ့ပေမဲ့ အဖွဲ့ဟောင်းဖြစ်တဲ့ CNF ရဲ့ နိုင်ငံရေး အမြင်မကျယ်မှု၊ နောက်ပေါ်လာတဲ့ လူငယ်တွေဦးဆောင်တဲ့ ချင်းတော်လှန်ရေးအဖွဲ့တွေကို အထင်အမြင်သေးမှု၊ လက်ဦးမှုယူ အုပ်စီးလိုမှုကြောင့် မတိုးတက်နိုင်ပဲ ရှိခဲ့ရတယ်။

အမြင်ကျယ်တဲ့လူငယ်ချင်းညီနောင်တွေက တနေ့တခြားအင်အားကောင်းလာပြီး သူတို့ထက်စစ်ရေး အတွေ့အကြုံရှိတဲ့ AA ကို ချည်းကပ်ပြီး မဟာမိတ်ဖွဲ့နိုင်ခဲ့သလို ချင်းတောင်ပိုင်းကို စိုးမိုးလာနိုင်ခဲ့တယ်။ ဒါ့အပြင် မကွေးတိုင်းက ယောနယ်သား တော်လှန်ရေးအဖွဲ့အစည်း တခုဖြစ်တဲ့ YDF နဲ့လည်း မဟာမိတ်အဖြစ်ဖွဲ့နိုင်ခဲ့သလို စစ်ကိုင်းတိုင်းက တက်လာတဲ့ လူငယ် တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ Generation Z Army (GZA)တပ်ဖွဲ့နဲ့လည်း မဟာမိတ်ဖွဲ့ထားနိုင်ခဲ့တယ်။ သူတို့အားလုံးက အင်အားကြီးမားတဲ့ရန်သူကို မဟာမိတ်တပ်ပေါင်းစုနဲ့ တိုက်ရမယ်ဆိုတဲ့ အမြင်ရှိကြတယ်။

ပြန်လည်သုံးသပ်ကြည့်ရင် ရှမ်းမြောက်ကအဖွဲ့တွေထဲမှာ TNLA က မကြာသေးခင်ကမှ အင်အားကောင်းလာတဲ့ အဖွဲ့ဖြစ်ပေမဲ့ အမျှော်အမြင်ရှိတဲ့ အဖွဲ့အစည်းဖြစ်တယ်။ မြန်မာအဖွဲ့အစည်းတွေဖြစ်တဲ့ မောင်ဆောင်းခ ဦးစီးတဲ့ BPLA နဲ့ NUG လက်အောက်ခံ Mandalay PDF အဖွဲ့တွေကို လက်နက်ခဲယမ်းတွေ ပေးတဲ့အပြင် ရှမ်းမြောက်တိုက်ပွဲတွေမှာ ဝင်တိုက်စေပြီး စစ်ရေးအတွေ့အကြုံတွေ ပေးခဲ့တယ်။

ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ မိုးကုတ်၊ ကျပ်ပြင်တို့ကို ထိုးစစ်ဆင်နေသလို နောင်ချိုကို သိမ်းပိုက်နိုင်ခဲ့တဲ့အတွက် စစ်တက္ကသိုလ်ရှိရာ မေမြို့ကို ချိမ်းခြောက်နိုင်တဲ့ အနေအထားကို ရောက်ရှိလာခဲ့တယ်။ Mandalay PDF တွေဟာ ဗမာအဖွဲ့အစည်းတွေဖြစ်တဲ့အတွက် မန္တလေးတိုင်းမှာ လူသူအင်အား ရှိတယ်။ ဒါကြောင့် စစ်ပညာ ပြည့်ဝလာတဲ့အခါ Mandalay PDF တွေဟာ ရှမ်းမြောက်ကနေ ဆင်းလာပြီး ကျောက်မြောင်းနဲ့ မတ္တရာကို တိုက်ခိုက်သိမ်းပိုက်နိုင်တဲ့ အနေအထားကို ရောက်လာခဲ့လို့ အခုဆိုရင် မြန်မာနိုင်ငံရဲ့ ဒုတိယမြို့ဖြစ်တဲ့ မန္တလေးကို စစ်ကောင်စီက ခံတပ်တွေ အကာအကွယ်တွေ မြို့တိုက်တန်းတွေပေါ်မှာ စနိုင်ပါတွေ တပ်ဖွဲ့တွေကို ချထားတာတွေ လုပ်နေရပြီ ဖြစ်တယ်။

BPLA ကလည်း ၁၀၂၇ စစ်ဆင်ရေးတွေမှာ TNLA နဲ့ People Liberation Army (PLA) တို့နဲ့တွဲ တိုက်နေကြတယ်။ တိုးတက်မှုတွေလည်း ရနေပြီး နယ်မြေတွေကို တဖြည်းဖြည်းသိမ်းနိုင်လာနေတယ်။

မကြာခင်ကာလအတွင်း စစ်ကိုင်းနဲ့ မကွေးကို YDF GZA တို့က အနောက်ဖက် ချင်းဖက်ကနေ ချင်းညီနောင် CB တို့နဲ့အတူ ဆင်းလာကြမယ်ဆိုရင် အရှေ့ဖက်ရှမ်းမြောက်ကနေ BPLA၊ Mandalay PDF၊ PLA တို့ကလည်း စစ်ကိုင်းကို ဆင်းလာပြီး စစ်ကိုင်းမှာရှိနေတဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းတိုက်ပြီး မြို့သိမ်းပွဲတွေ ဖြစ်လာနိုင်ပါတယ်။

ရခိုင်မှာလည်း ရခိုင့်တပ်တော် AAက သံတွဲမြို့ကို လက်ရှိစာရေးနေတဲ့အချိန်မှာ သိမ်းထားပြီး ဖြစ်တယ်လို့ သိရပြီး စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့ကို ချီတက်သိမ်းပိုက်ပြီး မိမိရည်မှန်းချက်ဖြစ်တဲ့ ရခိုင်ပြည်ရဲ့ ကံကြမ္မာကို ရခိုင်လူထုက ဖန်တီးနိုင်ခွင့်ကို ရယူသွားမှာ ဖြစ်ပါတယ်။

ရှမ်းမြောက်က FPNCC မဟာမိတ်အဖွဲ့တွေအနေနဲ့ သူတို့နယ်မြေတွေသူတို့လက်ထဲရောက်တာနဲ့ ထိုးစစ်တွေကို ရပ်ပစ်မလား ဒါမှမဟုတ် ညီနောင်သုံးဖော် ပထမ ၁၀၂၇ စစ်ဆင်ရေးအစမှာ ပြောထားတဲ့ မြေပြန့်က ဗမာတော်လှန်ရေးအဖွဲ့တွေနဲ့ လက်တွဲပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ် ခြေမှုန်းရေးအထိ သွားမှာလားဆိုတာ သေချာရေရာ မသိရသေးပါဘူး။

ကူမင်းမှာ လုပ်နေတဲ့ အစည်းအဝေးပြီးချိန် ဇူလိုင် ၁၈ ရက်နေ့ကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ MNDAAက လားရှိုးကို ဆက်တိုက်မယ် မတိုက်ဘူးဆိုတာ အဲဒီနောက်ပိုင်းမှာ အဖြေထွက်မယ်လို့ ထင်ပါတယ်။ တရုတ်က ဘယ်လို ဖြန်ဖြေမလဲ စကစနဲ့ သူတို့ကြားမှာ ဘယ်လိုဖြေရှင်းကြမယ်ဆိုတာ မကြာခင် သိရမယ်လို့ ထင်ပါတယ်။

မြန်မာ့အရေးလေ့လာသူတယောက်က တိုင်းရင်းသားတွေက သူတို့နယ်မြေကို သူတို့ပြန်ယူဖို့ တိုက်နေကြတယ်၊ သူတို့က နွေဦး တော်လှန်ရေးကို လုပ်နေတာ မဟုတ်ဘူး။ သူတို့ရည်ရွယ်ချက်က ကိုယ့်နယ်မြေကိုယ်အုပ်ချုပ်နိုင်ရေး ဖြစ်တယ်။ သူတို့နယ်မြေတွေ ပြန်ရသွားရင် သူတို့ငြိမ်သွားမယ်။ ဗမာတွေကို သူတို့က အားပေးနေတာ ဗမာတွေနဲ့ စစ်ကောင်စီ ဆက်တိုက်နေရင် သူတို့ဆီကို စစ်မျှားဦးလှည့်မလာနိုင်တော့ဘူး။ NUG ရဲ့ရည်ရွယ်ချက်က စစ်အုပ်စုပြုတ်ကျရေးနဲ့ ဖက်ဒရယ် ဖြစ်လာစေဖို့ အလုပ်ဖြစ်တယ်။ ဗမာတိုင်းရင်းသားအနေနဲ့ NUG က မစဉ်းစားဘဲ တနိုင်ငံလုံးအတွက် စဉ်းစားတာကို တိုင်းရင်းသားတွေက လက်မခံဘူး။ NUG ကို သူတို့နယ်မြေတွေမှာ စိုးမိုးမှုကို မလိုချင်ဘူး။ ဒါကြောင့် NUG အနေနဲ့ လူအင်အားများတဲ့ ဗမာတွေကို မစုစည်းနိုင်ရင် စုစည်းနိုင်တဲ့အဖွဲ့တွေက အညာဒေသကို ဦးဆောင်သွားလိမ့်မယ်လို့ ထင်မြင်ချက်ပေးခဲ့ပါတယ်

Boost post

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အကြမ်းဖက်စစ်တပ်ကို လက်တွေ့ကျပြီး ထိရောက်စွာ အရေးယူပေးဖို့ Karenni-IEC တောင်းဆို

  • 2024 ခုနှစ်၊ စက်တင်ဘာလ 7 ရက်
  • 3 Views
စက်တင်ဘာလ (၇)ရက်။ အကြမ်းဖက်စစ်တပ်ကို လက်တွေ့ကျပြီး ထိရောက်တဲ့ အရေးယူတာတွေ ဆောင်ရွက်ပေးကြဖို့ ကုလနဲ့ အီးယူအပါအ၀င် အာဆီယံနိုင်ငံတွေကို Karenni-IEC က
1027 Operations မြန်မာသတင်း

လားရှိုးမြို့ရှိ အရေးပေါ်နေရာတွေနဲ့ စက်ရုံအချို့မှာ လျှပ်စစ်ဓါတ်အားပြန်လည်ရရှိ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 7 ရက်
  • 3 Views
စက်တင်ဘာလ (၇)ရက်။ မနေ့က ညနေပိုင်းကစပြီး လားရှိုးမြို့ရှိ အရေးပေါ်လိုအပ်နေတဲ့ အများသူငှာနေရာတွေနဲ့ စက်ရုံအချို့မှာ လျှပ်စစ်ဓါတ်အား ပြန်လည်ရရှိပြီဖြစ်တယ်လို့ MNDAA ရဲ့
မြန်မာသတင်း

မြိုင်မြို့ သရက်ကန်ရွာက ပျုစောထီးတွေ၊ ရဲတွေနဲ့ စစ်သားတွေ လက်နက်ချဖို့ သတိပေးထား

  • 2024 ခုနှစ်၊ စက်တင်ဘာလ 7 ရက်
  • 6 Views
စက်တင်ဘာလ (၇)ရက်။ မြို့မြိုနယ်တောင်ပိုင်း သရက်ကန်ရွာက စစ်ကောင်စီတပ်သားတွေ၊ ရဲတွေနဲ့ ပျူစောထီးတွေ လက်နက်ချပူးပေါင်းဖို့ အညာမြေတပ်ပေါင်းစုက ဒီကနေ့မှာ သတိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်ကောင်စီတပ်သားတွေ၊ ရဲတွေနဲ့ ပျူစောထီးတွေဟာ သရက်ကန်ရွာရှိ အကြမ်းဖက်စစ်တပ်လက်အောက်မှာ တာ၀န်ထမ်းဆောင်ပြီး ပြည်သူကို ဒုက္ခမျိုးစုံပေးနေတာကြောင့်
မြန်မာသတင်း

(၅)ရက်တာကာလထဲ ခင်ဦးမြို့က ကျေးရွာ (၁၀)ရွာခန့်ကို စစ်ကောင်စီက အကြောင်းမဲ့ မီးရှို့ဖျက်ဆီး

  • 2024 ခုနှစ်၊ စက်တင်ဘာလ 7 ရက်
  • 4 Views
စက်တင်ဘာလ (၇)ရက်။ (၅)ရက်တာကာလထဲ ခင်ဦးမြို့နယ်ရှိ ကျေးရွာ (၁၀)ရွာခန့်ကို စစ်ကောင်စီစစ်ကြောင်းက အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ People’s Defense Comrade ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စက်တင်ဘာလ (၂)ရက်နေ့ကစပြီး ဒီကနေ့အထိ
မြန်မာသတင်း

မြိုင်မြို့ပေါ်က စစ်ကောင်စီရဲ့ စည်ပင်ရုံး၊ ဥပဒေရုံးနဲ့ ကြံ့ခိုင်ရေးရုံးတို့ကို တော်လှန်ရေးတပ်တွေ မီးရှို့ရှင်းလင်း

  • 2024 ခုနှစ်၊ စက်တင်ဘာလ 7 ရက်
  • 4 Views
စက်တင်ဘာလ (၇)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က မြိုင်မြို့ပေါ်ရှိ စစ်ကောင်စီရဲ့ စည်ပင်ရုံး၊ ဥပဒေရုံးနဲ့ ကြံ့ခိုင်ရေးရုံးတို့ကို မီးရှို့ရှင်းလင်းခဲ့တယ်လို့ M.V.P Revolution Force ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နံနက် (၇)နာရီအချိန်က မြိုင်မြို့အရှေ့ဘက် ပခုက္ကူလမ်း‌ပိုင်းပေါ်ရှိ
မြန်မာသတင်း

မဲစာရင်းတွေ မှန်ကန်အောင် ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီရွေး/ကော်ပြော

  • 2024 ခုနှစ်၊ စက်တင်ဘာလ 7 ရက်
  • 5 Views
စက်တင်ဘာလ (၇)ရက်။ မဲစာရင်းတွေ မှန်ကန်အောင် နည်းပညာနဲ့ ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီရွေး/ကော်ဥက္ကဋ္ဌ ဦးကိုကိုက မနေ့ကပြုလုပ်တဲ့ ဗဟိုမဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှုစနစ်(CVLMS) အဆင့်မြှင့်တဲ့အခမ်းအနားမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီ CVLMS စနစ်ကို နေပြည်တော်အပါအ၀င် တိုင်းဒေသကြီး၊ ပြည်နယ်၊
မြန်မာသတင်း

သန်းခေါင်စာရင်းမကောက်နိုင်တဲ့ နေရာတွေမှာ လုံခြုံရေးတိုးမြှင့်ပြီး ရသမျှကောက်ဖို့ စစ်ခေါင်းဆောင် ညွှန်ကြားထား

  • 2024 ခုနှစ်၊ စက်တင်ဘာလ 7 ရက်
  • 4 Views
စက်တင်ဘာလ (၇)ရက်။ သန်းခေါင်စာရင်းမကောက်နိုင်တဲ့ နေရာတွေမှာ လုံခြုံရေးတိုးမြှင့်ပြီး ကာလသတ်မှတ်ကာ ရသမျှကောက်ယူဖို့ ညွှန်ကြားထားတယ်လို့ ဒုစစ်ခေါင်းဆောင် စိုး၀င်းရဲ့ မနေ့က ဗဟိုသန်းခေါင်စာရင်းကော်မရှင်အစည်းအဝေးမှာ ပြောဆိုထားချက်အရ သိရပါတယ်။ စစ်ကောင်စီဟာ သန်းခေါင်စာရင်းကောက်ယူတာကို အောက်တိုဘာလ (၁)ရက်နေ့ကစပြီး (၁၅)ရက်နေ့အထိ သတ်မှတ်လုပ်ဆောင်မှာဖြစ်သလို
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

သံတွဲမြို့က စစ်ကောင်စီရဲ့ ရေတပ်ပင်မရေငုပ်နဲ့ ဆယ်ယူရေးတပ်စခန်းကြီးကို AA အပြီးသတ်သိမ်းယူနိုင်ခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 7 ရက်
  • 6 Views
စက်တင်ဘာလ (၇)ရက်။ စက်တင်ဘာလ (၅)ရက်နေ့ ညနေ (၆)နာရီအချိန်မှာ သံတွဲမြို့က စစ်ကောင်စီရဲ့ လက်ကျန်စခန်းကြီးဖြစ်တဲ့ ရေတပ်ပင်မရေငုပ်နဲ့ ဆယ်ယူရေးတပ်စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သံတွဲမြို့နယ်ထဲက ဖက်ဆစ်စစ်ကောင်စီရဲ့ လက်ကျန်စခန်းကြီးတစ်ခုဖြစ်တဲ့