နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 28 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ ထရန့်၏ မဆုံးဖြတ်နိုင်ဖြစ်‌နေမှုသည် သူ သူခွင့်ပြုတာထက် ပိုမိုအရေးကြီးနေခြင်း

CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက်

“အမေရိကန်ပြည်ထောင်စုဟာ ဟော်မုဇ် ရေလက်ကြားကနေ ရေနံတင်သွင်းတာမျိုး လုံးဝမရှိသလောက်ပါပဲ၊ နောင်မှာလည်း တင်သွင်းမှာမဟုတ်ဘူး။ ကျွန်တော်တို့ အဲဒါကို မလိုအပ်ဘူး။ အရင်ကလည်း မလိုအပ်ခဲ့ဘူး၊ အခုလည်း မလိုအပ်ဘူး။”

ဒါကတော့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အိမ်ဖြူတော်ကနေ ပြောကြားခဲ့တဲ့ သမ္မတ ဒေါ်နယ်ထရန့်ရဲ့ မိန့်ခွန်းပဲ ဖြစ်ပါတယ်။

“အဲဒီ ရေလက်ကြားကို အခုချက်ချင်း ပြန်ဖွင့်လိုက်စမ်း၊ မင်းတို့အရူးကောင်တွေ၊ မဟုတ်ရင် ငရဲကျသလို ခံစားရလိမ့်မယ် – စောင့်ကြည့်နေလိုက်!”

ဒါကတော့ တနင်္ဂနွေနေ့က Truth Social မှာ တင်ခဲ့တဲ့ ထရန့်ရဲ့ ပို့စ်ပဲ ဖြစ်ပါတယ်။

ဘာတွေ ပြောင်းလဲသွားတာလဲ?

အဓိကအချက်ကတော့ ရေနံစျေးနှုန်းပါပဲ။

သူ့ရဲ့မိန့်ခွန်းအပြီး ကြာသပတေးနေ့မှာ အမေရိကန်ရေနံစျေးဟာ ၁၁ ရာခိုင်နှုန်းကျော် မြင့်တက်သွားခဲ့ပြီး တစ်စည်ကို ၁၁၁ ဒေါ်လာအထက်မှာ စျေးပိတ်ခဲ့ပါတယ်။ ဒါဟာ လေးနှစ်အတွင်း အမြင့်ဆုံးစျေးနှုန်းဖြစ်သလို သမိုင်းတစ်လျှောက် တစ်ရက်အတွင်း အကြီးမားဆုံး စျေးနှုန်းမြင့်တက်မှုတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။ ထရန့် မိန့်ခွန်း မပြောခင်က West Texas ရေနံစိမ်းစျေးဟာ ၁၀၀ ဒေါ်လာဝန်းကျင်သာရှိခဲ့ပြီး စစ်မဖြစ်ခင်က ဆိုရင် ၇၀ ဒေါ်လာအောက်မှာပဲ ရှိခဲ့တာပါ။

ကမ္ဘာ့ရေနံ ၂၀ ရာခိုင်နှုန်း ဖြတ်သန်းစီးဆင်းရာ ဟော်မုဇ် ရေလက်ကြားကလာတဲ့ အရှေ့အလယ်ပိုင်း ရေနံအပေါ် အမေရိကန်က မှီခိုမှု အလွန်နည်းတယ်ဆိုတဲ့ ထရန့်ရဲ့ ပြောကြားချက်ကတော့ မှန်ကန်ပါတယ်။ အမေရိကန်ဟာ တစ်နေ့ကို ရေနံစည်ပေါင်း သန်း ၂၀ သုံးစွဲနေတာမှာ အဲဒီရေလက်ကြားကနေ စည် ၅ သိန်းလောက်ပဲ ရတာဖြစ်လို့ အခြားနေရာ တွေ ကနေ အလွယ်တကူ အစားထိုးနိုင်ပါတယ်။

ဒါပေမဲ့ ထရန့်ရဲ့ ဆဲဆိုကြိမ်းမောင်းထားတဲ့ နောက်ဆုံးခြိမ်းခြောက်မှုက အမှန်တရားတစ်ခုကို ဖော်ညွှန်းနေပါတယ် – အဲဒါကတော့ အမေရိကန် စီးပွားရေးရဲ့ ကျန်းမာမှုဟာ သမ္မတဝန်ခံထား တာထက် ဟော်မုဇ် ရေလက်ကြားအပေါ် ပိုပြီး မှီခိုနေရတယ်ဆိုတာပါပဲ။

ရောင်းလိုအားနှင့် ဝယ်လိုအား

လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်အတွင်း အမေရိကန်ဟာ အထူးသဖြင့်တက္ကဆက်ပြည်နယ်က Permian Basin မှာ ဟိုက်ဒရောလစ် ဖရက်ကင်း (Hydraulic fracking) နည်းပညာတွေကြောင့် စွမ်းအင်ကဏ္ဍကို သိသိသာသာ ပြောင်းလဲနိုင်ခဲ့ပါတယ်။ အခုဆိုရင် အမေရိကန်ဟာတစ်နေ့ကို ရေနံစည် ၂၂ သန်းလောက် ထုတ်လုပ်နေပြီး ဒုတိယအများဆုံးဖြစ်တဲ့ ဆော်ဒီအာရေးဗီးယား ထက် နှစ်ဆပိုများသလို အမေရိကန်ရဲ့ တစ်နေ့တာ သုံးစွဲမှုထက်တောင် အနည်းငယ် ပိုများ နေပါတယ်။

အမေရိကန်ဟာ စွမ်းအင်ပိုင်းအရ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်နေပြီလို့ ဆိုနိုင်ပေမဲ့ တစ်ဝက်တစ်ပျက်ပဲ ရှိပါသေးတယ်။

အမေရိကန်ဟာ တစ်နေ့ကို ရေနံစည် ၆ သန်းကျော် တင်သွင်းနေရဆဲ ဖြစ်ပါတယ် (သုံးစွဲမှုရဲ့ သုံးပုံတစ်ပုံခန့်)။ တစ်ချိန်တည်းမှာပဲ တစ်နေ့ကို စည် ၄ သန်းလောက် ပြန်လည် တင်ပို့နေ ပါတယ်။

အကြောင်းရင်းကတော့ ရေနံတိုင်းဟာ အမျိုးအစားချင်း မတူညီလို့ပါပဲ။ အမေရိကန်က ထုတ်လုပ်တဲ့ Light, Sweet Crude (ရေနံအပေါ့စား) ဟာ ဓာတ်ဆီထုတ်ဖို့ ကောင်းပေမဲ့ အပူပေးလောင်စာ၊ ကတ္တရာနဲ့ ဒီဇယ်တွေ ထုတ်ဖို့အတွက်တော့ မသင့်တော်ပါဘူး။ ဒါကြောင့် အမေရိကန်ဟာ ဗင်နီဇွဲလားနဲ့ အရှေ့အလယ်ပိုင်းတို့လို Heavy, Sour Crude (ရေနံအလေးစား) ထွက်တဲ့ နေရာတွေကနေ တင်သွင်းဖို့ လိုအပ်နေတာပါ။

ဒါ့အပြင် ရေနံစျေးကွက်ဟာ တစ်ကမ္ဘာလုံးနဲ့ ချိတ်ဆက်နေပါတယ်။ ဒေသတစ်ခုမှာ ရောင်းလိုအား လျော့နည်းသွားရင် နေရာတိုင်းကို ထိခိုက်ပါတယ်။ အခုလို ရောင်းလိုအား ပြတ်လပ်တဲ့အချိန်မှာ တင်သွင်းသူတွေက ရသမျှ ရေနံစည်တွေကို လုဝယ်ကြတဲ့အတွက် စျေးနှုန်းတွေ မြင့်တက်လာရတာဖြစ်တယ်လို့ Pickering Energy Partners ရဲ့ ရင်းနှီးမြှုပ်နှံမှု အရာရှိချုပ် ဒန် ပစ်ကရင် (Dan Pickering) က ဆိုပါတယ်။

ဒါကြောင့် အီရန်စစ်ပွဲအတွင်း အမေရိကန်မှာ ရေနံရရှိဖို့ အခက်အခဲ မရှိနိုင်ပေမဲ့ ပြဿနာက ကမ္ဘာ့ရေနံစျေးနှုန်း ရိုက်ခတ်မှုဒဏ်ကနေတော့ ကင်းလွတ်ခွင့် မရနိုင်တာပဲ ဖြစ်ပါတယ်။

စွမ်းအင် စီးပွားရေး

အမေရိကန်ရဲ့ စစ်ပွဲနဲ့ အီရန်က ဟော်မုဇ် ရေလက်ကြားကို ထိရောက်စွာ ပိတ်လိုက်ခြင်းရဲ့ သိသာထင်ရှားတဲ့ နောက်ဆက်တွဲကတော့ စွမ်းအင်စျေးနှုန်း မြင့်တက်မှုပါပဲ။ အီရန်ရဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေနဲ့ တံတားတွေကို ဖျက်ဆီးပစ်မယ်ဆိုတဲ့ ထရန့်ရဲ့ ခြိမ်းခြောက်မှုအပြီး တနင်္လာနေ့မှာ ရေနံစိမ်းစျေးတွေ ဆက်လက် မြင့်တက်နေပါတယ်။ အမေရိကန်မှာ ဓာတ်ဆီစျေးဟာ ပျမ်းမျှ တစ်ဂါလန်ကို ၄.၁၁ ဒေါ်လာအထိ ရောက်ရှိလာပါပြီ။

ဒီလို မြင့်မားတဲ့ စျေးနှုန်းတွေဟာ အမေရိကန် စီးပွားရေးကို ထိခိုက်နေပြီ ဖြစ်ပါတယ်။ ကုန်စျေးနှုန်းကြီးမြင့်မှုကို အန်တုနေရတဲ့ ဝင်ငွေနည်းနဲ့ ဝင်ငွေအလယ်အလတ်ရှိတဲ့ အမေရိကန်နိုင်ငံသားတွေဟာ ဆီစျေးဒဏ်ကို အလူးအလဲ ခံနေရသလို၊ စျေးနှုန်းထပ် မတိုးနိုင်တော့တဲ့ အသေးစားလုပ်ငန်းတချို့ဆိုရင် ဝန်ထမ်းအင်အား လျှော့ချဖို့အထိ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ ချနေရပါတယ်။

ပိုပြီး စိုးရိမ်စရာကောင်းတာက စျေးနှုန်းတွေ အရမ်းမြင့်သွားတဲ့အတွက် ဝယ်လိုအား ကျဆင်း သွားမှာ (Demand destruction) ကိုပါပဲ။ အဲဒီအခါ စျေးနှုန်းပြန်ကျနိုင်ပေမဲ့ လူတွေ ကားမ မောင်းနိုင်၊ လေယာဉ်မစီးနိုင်လောက်အောင် စျေးကြီးသွားရင်တော့ စီးပွားရေးအတွက် ပြဿနာကြီး ဖြစ်လာပါလိမ့်မယ်။

ဒေါ်လာ ၃၀ ထရီလီယံတန်ဖိုးရှိတဲ့ စီးပွားရေးကြီးတစ်ခု ပြိုလဲဖို့က မလွယ်ကူပေမဲ့၊ ပြီးခဲ့တဲ့ စီးပွားပျက်ကပ် ၉ ကြိမ်မှာ ၈ ကြိမ်ဟာ ရေနံစျေးနှုန်း ရိုက်ခတ်မှုကြောင့် ဖြစ်ခဲ့တာပါ။ အခုစစ်ပွဲက ငါးပတ်ပဲ ရှိသေးတာမို့ စီးပွားပျက်ကပ်ဆိုက်လောက်တဲ့အထိ ထိခိုက်ဖို့ဆိုရင် နောက်ထပ် လပေါင်းများစွာ ကြာမြင့်နိုင်ပါသေးတယ်။

Wall Street လေ့လာဆန်းစစ်သူတွေရဲ့ ခန့်မှန်းချက်အရ ရေနံတစ်စည်ကို ၁၀ ဒေါ်လာ တက်တိုင်း ဂျီဒီပီ (GDP) ရဲ့ ၀.၁ ကနေ ၀.၄ ရာခိုင်နှုန်းအထိ လျော့ကျနိုင်ပါတယ်။ ဒါကြောင့် အခု ရေနံ ၄၀ ဒေါ်လာလောက် တက်သွားတာဟာ GDP တစ်ရာခိုင်နှုန်းလောက် လျော့သွားနိုင် တာမို့ သိပ်တော့ မသေးလှပါဘူး။

ဒါပေမဲ့ စျေးနှုန်းတွေ ဆက်ပြီး အရှိန်အဟုန်နဲ့ တက်သွားရင် အခြေအနေက ပိုဆိုးသွား နိုင်ပါတယ်။ ရေနံတင်မကဘဲ ဒီဇယ်စျေးတက်တဲ့အတွက် ကုန်တင်ကားနဲ့ ပို့ဆောင်ရတဲ့ ပစ္စည်းမှန်သမျှ စျေးတက်လာမှာပါ။ ဒါ့အပြင် အဲဒီရေလက်ကြားကနေ ဖြတ်သန်းလာတဲ့ အလူမီနီယံ၊ ဟီလီယံနဲ့ မြေသြဇာ စတဲ့ ကုန်ပစ္စည်းတွေကြောင့် ဆောက်လုပ်ရေးပစ္စည်း၊ မိုက်ခရိုချစ်ပ် (Microchips) နဲ့ စားသောက်ကုန်စျေးနှုန်းတွေလည်း မြင့်တက်လာမှာ ဖြစ်ပါတယ်။

RSM US ရဲ့ စီးပွားရေးပညာရှင်ချုပ် ဂျိုး ဘရူဆူလာ (Joe Brusuelas) က “အမေရိကန် စီးပွားရေးဟာ ရေနံတစ်စည်ကို ၁၀၀ ဒေါ်လာကျော်တဲ့ ဒဏ်ကိုတော့ ခဏတဖြုတ် ခံနိုင် ပါသေးတယ်။ ဒါပေမဲ့ ၁၅၀ ဒါမှမဟုတ် ၂၀၀ ဒေါ်လာ ဖြစ်သွားရင်တော့ အခြေအနေက တစ်မျိုး ပြောင်းသွားပါလိမ့်မယ်” လို့ ပြောပါတယ်။

ရေလက်ကြား၏ အမှန်တရား

ဒါဟာ ဟော်မုဇ် ရေလက်ကြားအပေါ် ထရန့်ရဲ့ စိုးရိမ်ပူပန်မှုတွေ ပြန်လည် မြင့်တက်လာရတဲ့ အဓိက အကြောင်းရင်း ဖြစ်နိုင်ပါတယ်။

စစ်စကတည်းက ထရန့်ဟာ ဒီရေလက်ကြားနဲ့ ပတ်သက်ပြီး တစ်မျိုးတစ်ဖုံစီ ပြောဆိုခဲ့တာပါ။ သူ့အစိုးရက ရေနံတင်သင်္ဘောတွေကို စစ်သင်္ဘောတွေနဲ့ စောင့်ရှောက်ပေးမယ်လို့ ကတိပေး ခဲ့သလို၊ အာမခံကုမ္ပဏီတွေက လက်မခံတော့တဲ့ သင်္ဘောတွေအတွက်လည်း အာမခံချက် ပေးထားပါတယ်။

တစ်ဖက်မှာလည်း သူက ရေနံတင်သင်္ဘောတွေဟာ သတ္တိရှိရှိ ဖြတ်သန်းသင့်တယ်လို့ ပြောခဲ့သလို၊ အရှေ့အလယ်ပိုင်း ရေနံကို ပိုမှီခိုနေရတဲ့ နိုင်ငံတွေက သူတို့ဘာသာသူတို့ ဒီလမ်းကြောင်းကို ပြန်ဖွင့်ဖို့ ကြိုးစားသင့်တယ်လို့လည်း ဆိုခဲ့ပါတယ်။

“မင်းတို့ ရေနံကို မင်းတို့ဘာသာ သွားယူကြ!” လို့ ထရန့်က ပြီးခဲ့တဲ့ အင်္ဂါနေ့က Truth Social မှာ ရေးသားခဲ့ပါတယ်။

ထရန့်ရဲ့ နေ့စဉ်နဲ့အမျှ ပြောင်းလဲနေတဲ့ စကားတွေကြောင့် ရေနံစျေးနှုန်းဟာ တက်လိုက်ကျ လိုက် ဖြစ်နေပေမဲ့၊ အီရန်က ဒီရေလက်ကြားကို ထိန်းချုပ်ထားနိုင်တယ်ဆိုတာ ပိုထင်ရှား လာတဲ့အတွက် ရေနံစျေးကတော့ ယေဘုယျအားဖြင့် တက်နေဆဲပါ။ အမေရိကန်က စစ်ပွဲကနေ နှုတ်ထွက်သွားရင်တောင် ဒီအရေးပါတဲ့ ရေလမ်းကြောင်း ပြန်ပွင့်မလာမှာကို ကုန်သည်တွေက စိုးရိမ်နေကြပါတယ်။

အီရန်ကတော့ ရေလက်ကြားကနေ ဘေးကင်းစွာ ဖြတ်သန်းခွင့်အတွက် အခကြေးငွေ (Tolls) ကောက်ခံမယ်လို့ ပြောထားပေမဲ့ ပင်လယ်ကွေ့နိုင်ငံ အများစုကတော့ ပေးဖို့ ငြင်းဆန် ကြမှာ ပါ။ ရေလက်ကြားကို တစ်စိတ်တစ်ပိုင်းပဲ ဖွင့်မယ်ဆိုရင်တောင် ကမ္ဘာ့ရေနံ လိုအပ်ချက်ဟာ တစ်နေ့ကို စည် ၄.၄ သန်းကနေ ၈ သန်းအထိ ပြတ်လပ်နေဦးမှာ ဖြစ်ပါတယ်။

ထရန့်က အီရန်ကို အင်္ဂါနေ့ ည ၈ နာရီ နောက်ဆုံးထားပြီး ရေလက်ကြား ပြန်ဖွင့်ဖို့ ရာဇသံ ပေးထားပါတယ်။ အီရန်ရဲ့ တုံ့ပြန်မှုက ဘယ်လိုရှိမလဲ၊ ဒါမှမဟုတ် အမေရိကန်က အီရန်ကို ဘယ်လိုနည်းနဲ့ ပြန်ဖွင့်ခိုင်းမလဲ ဆိုတာကတော့ မရေမရာ ဖြစ်နေဆဲပါပဲ။

——————————————————————————–

ဟော်မုဇ် ရေလက်ကြားရှိ အီရန်ကမ်းခြေများနှင့် ကက်ရှ်မန် (Qeshm) ကျွန်းတို့၏ ဝေဟင်မြင်ကွင်း။ (ဓာတ်ပုံ – Nicolas Economou/Reuters)

အိမ်ဖြူတော်တွင် သမ္မတ ဒေါ်နယ်ထရန့်က အီရန်စစ်ပွဲအကြောင်း ပြောကြားနေစဉ် သတင်းထောက်တစ်ဦး ပြင်ဆင်နေပုံ။ (ဓာတ်ပုံ – Julia Demaree Nikhinson/AP)

နယူးဂျာစီပြည်နယ်၊ Jersey City ရှိ ဆိပ်ကမ်းတွင် ကုန်သေတ္တာများ တင်ဆောင်ထားသော သင်္ဘောတစ်စီး။ (ဓာတ်ပုံ – Charly Triballeau/AFP/Getty Images)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 21 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 18 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
တရုတ် ထိုင်ဝမ် နိုင်ငံတကာသတင်း ဖိလစ်ပိုင်

ဆလာမီ ပါးပါးလှီးခြင်း(‘Salami slicing’) ဗျူဟာ ဖြင့် ပစိဖိတ်ဒေသအပေါ် ဩဇာလွှမ်းမိုးမှု တိုးချဲ့ရန် တရုတ်နိုင်ငံက မည်သို့ ကြိုးပမ်းနေသလဲ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 23 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၅ရက် သီတင်းပတ်အနည်းငယ်အတွင်း တရုတ်သင်္ဘောများသည် ၎င်းတို့၏ ကုန်းတွင်းပိုင်းနှင့် ယခင်ကထက် ပိုမိုဝေးကွာသောနေရာများတွင် “ဥပဒေစိုးမိုးရေး” လုပ်ငန်းများကို လုပ်ဆောင် ခဲ့ပြီး၊ အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်သော ပင်လယ်ကြမ်းပြင်ကို မြေပုံညွှန်း ရေးဆွဲခဲ့ကာ တရုတ်ကမ်းခြေမှ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 24 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လောင်စာဆီလည်းမရှိ၊ လက်နက်လည်းမရှိ- ယူကရိန်း၏ ဒရုန်းဗျူဟာအသစ်က ရုရှား၏ ထောက်ပံ့ရေးလမ်းကြောင်းများကို မည်သို့ အထိနာစေနေသနည်း

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ရုရှား-ယူကရိန်းစစ်ပွဲ – ယူကရိန်း၏ မျိုးဆက်သစ် အလတ်စားဒရုန်းများသည် တောင်ပိုင်း ရှေ့တန်းစစ်မျက်နှာသို့ ဦးတည်နေသည့် ရုရှားစစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ပြင်းပြင်းထန်ထန် အနှောင့်အယှက်ပေးလျက်ရှိပြီး တံတားများ၊
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော