နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

ဘိုင်ဒင်အစိုးရသည် အမေရိကန်စစ်တပ် ကန်ထရိုက်တာများကို ယူကရိန်းသို့ တပ်ဖြန့်လုပ်ဆောင်ခွင့်ပြုရန် ကြိုးပမ်းနေ

ဇွန်လ (၂၅) ရက်။

ဘိုင်ဒင် အစိုးရသည် အမေရိကန် စစ်ဘက်ဆိုင်ရာ ကန်ထရိုက်တာများကို ယူကရိန်းသို့ သွားရောက်ပြီး စစ်ရေးအရ ဆောင်ရွက်ခွင့် တားမြစ်ထားချက်ကို ရုတ်သိမ်းရန် ကြိုးပမ်းနေသည်ဟု အဆိုပါကိစ္စနှင့် နီးစပ်သည့် အမေရိကန် အရာရှိလေးဦးက CNN သို့ ပြောကြားခဲ့သည်။ အမေရိကန်က ရုရှားအပေါ် ယူကရိန်းစစ်တပ်ကို အသာစီးရစေမည့် နည်းလမ်းများကို ရှာဖွေနေသောကြောင့် ဘိုင်ဒင်အစိုးရ၏ ယူကရိန်းပေါ်လစီတွင် သိသိသာသာ ပြောင်းလဲမှုတခုအဖြစ် ထင်ရှားလာမည် ဖြစ်သည်။

အဆိုပါမူဝါဒကို အစိုးရအုပ်ချုပ်ရေးတာဝန်ရှိသူများက ဆက်လက်လုပ်ဆောင်နေပြီး သမ္မတဂျိုးဘိုင်ဒင်ထံမှ အပြီးသတ် လက်မှတ်မထိုးရသေးကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ “ကျွန်တော်တို့ အချိန်မတန်သေးတဲ့အတွက် ဘယ်ဆုံးဖြတ်ချက်တွေကိုမှ မချမှတ်သေးပါဘူး” ဟု အုပ်ချုပ်ရေးအရာရှိတစ်ဦးက ပြောကြားခဲ့သည်။ “ယူကရိန်းကို အမေရိကန်တပ်တွေ စေလွှတ်မှာ မဟုတ်ဘူးလို့ သမ္မတက အခိုင်အမာ ပြောထားပါတယ်”ဟုသူကဆိုသည်။

အတည်ပြုပြီးပါက အပြောင်းအလဲကို ယခုနှစ်တွင် ပြဋ္ဌာန်းနိုင်ဖွယ်ရှိကြောင်း တာဝန်ရှိသူများက ပြောကြားပြီး ပင်တဂွန်သည်၂၀၂၂ ခုနှစ်တွင် ရုရှားကျူးကျော်ဝင်ရောက်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ယူကရိန်းအတွင်း အမေရိကန်ကုမ္ပဏီများအား စစ်ရေးအလုပ်ကိစ္စများတွက် ကန်ထရိုက်များ ပေးအပ်ခွင့်ပြုမည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ “ ယူကရိန်းစစ်တပ်က အသုံးပြုနေတဲ့ လက်နက်စနစ်တွေကို ပြုပြင်တာတွေ၊ ထိန်းသိမ်းတာတွေကို အလျှင်အမြန် လုပ်ဆောင်နိုင်ဖို့ မျှော်လင့်တယ်” ဟု ဆိုသည်။

ပြီးခဲ့သောနှစ်နှစ်အတွင်းတွင်၊ ဘိုင်ဒင်သည် အမေရိကန်များအားလုံးနှင့် အထူးသဖြင့် အမေရိကန် တပ်ဖွဲ့ဝင်များအားလုံး ယူကရိန်းရှေ့တန်းမှ ဝေးဝေးတွင်နေရန် အခိုင်အမာပြောဆိုခဲ့သည်။ အိမ်ဖြူတော်သည် အမေရိကန်တို့တွင် ကျရောက်နိုင်သည့် အန္တရာယ်နှင့် အထူးသဖြင့် ထိုနေရာတွင် တိုက်ခိုက်နေကြရာ၌ အမေရိကန်စစ်တပ် ပါဝင်နေသည်ဟု ရုရှားက မယူဆနိုင်ရန် ကန့်သတ်တားဆီးထားဖို့ ဆုံးဖြတ်ထားသည်။ အမေရိကန်နိုင်ငံခြားရေးဌာနသည် ၂၀၂၂ ခုနှစ်မှစ၍ ယူကရိန်းသို့ ခရီးသွားခြင်းမပြုရန် အမေရိကန် နိုင်ငံသားများအား အတိအလင်းသတိပေးခဲ့သည်။

ရလဒ်အနေဖြင့် တိုက်ခိုက်ရေးတွင် သိသိသာသာ ပျက်စီးသွားသော အမေရိကန်မှ ပံ့ပိုးပေးထားသည့် စစ်လက်နက်ပစ္စည်းများအား ပြန်လည်ပြင်ဆင်ရန်အတွက် ပိုလန်၊ ရိုမေးနီးယား သို့မဟုတ် အခြားနေတိုး နိုင်ငံများသို့ ပို့ဆောင်ရန် လိုအပ်ပြီး ပြင်ဆင်ရန်အတွက် အတန်ကြာ အချိန်ယူရမည်ဖြစ်ပါသည်။ ယူကရိန်းနိုင်ငံသားများအား ပုံမှန်ပြုပြင်ထိန်းသိမ်းမှုနှင့် ထောက်ပံ့ပို့ဆောင်ရေးများ ပိုမိုလျှင်မြန်စွာ ရရှိစေရန်အတွက် အမေရိကန်တပ်ဖွဲ့များသည်လည်း အဝေးမှ ဗီဒီယိုဖြင့် သင်ကြားရှင်းလင်းခြင်း သို့မဟုတ် လုံခြုံသောဖုန်းလိုင်းဖြင့်သာ ပြောဆိုကူညီနိုင်သည်။ အမေရိကန်တပ်ဖွဲ့ဝင်များနှင့် ကန်ထရိုက်တာများသည် စနစ်များတွင် တိုက်ရိုက်ပါဝင်လုပ်ဆောင်ပေးနိုင်ခြင်း မရှိသေးသောကြောင့် ကန့်သတ်ချက်များ ရှိနေသည့် အစီအစဉ်တစ်ခု ဖြစ်နေခဲ့သည်။

ကွန်ဂရက်တွင် ယူကရိန်းအတွက် အမေရိကန် ရန်ပုံငွေများ ရပ်တန့်နေသဖြင့် ပြီးခဲ့သည့်လများအတွင်း ရုရှားသည် စစ်မြေပြင်တွင် ရရှိလာသော အခွင့်အရေးကို အသုံးချကာ မြေပြင်ထိုးစစ်များကို ရှေ့တိုးဆောက်ရွက်လာနိုင်ခဲ့သည်။ ထို့ကြောင့် အဆိုပါ ကန့်သတ်ချက်များကို အုပ်ချုပ်ရေးတာဝန်ရှိသူများက အလေးအနက် ပြန်လည်စဉ်းစားလာသည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ယူကရိန်းတွင် တည်ရှိနေသည့် အတွေ့အကြုံရှိသော အမေရိကန် အစိုးရ၏ ရန်ပုံငွေဖြင့် အမေရိကန် ကန်ထရိုက်တာများကို ခွင့်ပြုထားခြင်းကြောင့် ပျက်စီးသွားသော တန်ဖိုးမြင့် စက်ကိရိယာများကို ပိုမိုမြန်ဆန်စွာ ပြုပြင်ပေးနိုင်မည် ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ တာဝန်ရှိသူများက ပုံမှန်ပြုပြင်ထိန်းသိမ်းမှု လိုအပ်ဖွယ်ရှိသည့် အဆင့်မြင့်စနစ်တစ်ခုမှာ ယူကရိန်းမှ ယခုနှစ်နှောင်းပိုင်းတွင် လက်ခံရရှိမည့် F-16 တိုက်လေယာဉ်ဖြစ်သည်။

စာချုပ်များအတွက် လေလံဆွဲသည့်ကုမ္ပဏီများသည် ၎င်းတို့၏ဝန်ထမ်းများအား ခြိမ်းခြောက်မှုများကို လျော့ပါးသက်သာစေရန် ခိုင်မာသော အန္တရာယ်လျော့ပါးရေး အစီအမံများ ရေးဆွဲရန် လိုအပ်မည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ မကြာသေးမီလများအတွင်း ယူကရိန်းက ရုရှားတို့ကို အနိုင်ယူရန်အတွက် အကူအညီပေးရန် အမေရိကန်က ချမှတ်ခဲ့သော ဆုံးဖြတ်ချက်များကို ပြင်ဆင်ပေးရန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ မေလနှောင်းပိုင်းတွင် ဘိုင်ဒင် သည် ယခင်က ရုရှားနိုင်ငံအတွင်းရှိ ပစ်မှတ်များကို အမေရိကန်လက်နက်များဖြင့် တိုက်ခိုက်ရန် ကိစ္စကို အကြိမ်ကြိမ် ငြင်းဆိုခဲ့ဖူးပြီးနောက် ထိုရပ်တည်ချက်ကို သူက ပြောင်းလဲခဲ့ပြီး ယူကရိန်းနိုင်ငံ ခါကိ့ဗ် (Kharkiv) နှင့် နယ်နိမိတ်အနီးရှိ ရုရှားနိုင်ငံအတွင်းရှိ ပစ်မှတ်များကို အမေရိကန်လက်နက်များဖြင့် တိုက်ခိုက်ရန် ယူကရိန်းအား ခွင့်ပြုချက်ပေးခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်က အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလေဗန် (Jake Sullivan) က ယူကရိန်း-ရုရှားနယ်စပ်တစ်လျှောက် မည်သည့်နေရာမဆို အမေရိကန်လက်နက်ဖြင့် တန်ပြန်တိုက်ခိုက်နိုင်ကြောင်း ပြီးခဲ့သောသီတင်းပတ်တွင် အဆိုပါမူဝါဒကို ထပ်မံချဲ့ထွင်ပြီး ပြောကြားလာခဲ့သည်။

ယူကရိန်းသို့ ကန်ထရိုက်တာများ တပ်ဖြန့်ပို့ဆောင်ခြင်းဆိုင်ရာ ဆွေးနွေးမှုများနှင့် ရင်းနှီးသော လက်ရှိအရာရှိဟောင်းများနှင့် ရင်းနှီးသူမိတ်ဟောင်းများက မူဝါဒ အပြောင်းအလဲသည် အီရတ်နှင့် အာဖဂန်နစ္စတန်တို့ တွင် အမေရိကန် ကန်ထရိုက်တာများ အများအပြား ရှိနေမှုကဲ့သို့ ဖြစ်ပေါ်စေမည်မဟုတ်ကြောင်း အလေးပေး ပြောကြားခဲ့သည်။ ယင်းအစား၊ တစ်ကြိမ်လျှင် ယူကရိန်းတွင် အလုပ်လုပ်သော ကန်ထရိုက်တာ ဒါဇင် အနည်းငယ်မှ နှစ်ရာအထိ မည်သည့်နေရာတွင်မဆို အလုပ်လုပ် နေနိုင်ဖွယ်ရှိသည်ဟု ဆိုသည်။

“ဒါက ယူကရိန်းနိုင်ငံကို ထောက်ပံ့ဖို့ ပိုအာရုံစိုက်ပြီး စဉ်းစားရမယ့် အတွေးခေါ်ရှိရှိ အားထုတ်မှုပဲ” ဟု သမ္မတဟောင်း ဒေါ်နယ်ထရန့်၏ အမျိုးသားလုံခြုံရေးကောင်စီတွင် ဥရောပရေးရာ ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် အငြိမ်းစားတပ်မတော်အရာရှိ အဲလက်စ်ဗင်မန် (Alex Vindman) က ပြောကြားခဲ့သည်။

ဗင်မန်သည် ကန့်သတ်ချက်များကို ဖယ်ရှားရန် ဘိုင်ဒင်အစိုးရကို နှစ်နှစ်နီးပါးကြာ တွန်းအားပေးခဲ့ပြီး အစိုးရသည် ယခုနှစ်အစောပိုင်းကတည်းက ကန့်သတ်ချက်များကို ဖြေလျှော့ရန် အစီအစဉ်တစ်ခုကို လုပ်ဆောင်နေသည်ဟု ပြောကြားခဲ့သည်။ “ ယူကရိန်းသည် မဟာမိတ်ဖြစ်သည်” ဟု ဗင်မန်က CNN သို့ပြောကြားခဲ့သည်။ “အမေရိကန်ဟာ ယူကရိန်းကို ထောက်ပံ့ရာမှာ အရေးပါတဲ့ အမျိုးသားလုံခြုံရေး အကျိုးစီးပွားကို လုပ်ဆောင်ပေးဖို့ စိတ်အားထက်သန်ပြီး အန္တရာယ်လျော့ပါးရေး အစီအမံတွေလည်း အများကြီးရှိပါတယ်။” ဟု သူကဆိုသည်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းသို့ စေလွှတ်မည့် မည်သည့် နိုင်ငံခြားတပ်ဖွဲ့ဝင်မဆို “ တရားဝင် ပစ်မှတ်များ” ဖြစ်လာမည်ဟု ရုရှားသတိပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 5 Views
CNN- ၂၀၂၆ခုနှစ်၊ ဇွန်လ၈ရက် ယူကရိန်းနိုင်ငံတွင် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိလာပါက တပ်ဖွဲ့ဝင်များ စေလွှတ်မည်ဟု ပြင်သစ်နှင့် ဗြိတိန်တို့က ကတိပြုပြီးနောက်၊
နိုင်ငံတကာသတင်း အမေရိကန်

မင်နီယာပိုလစ်မြို့တွင် “လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးဌာန”(ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား ပစ်သတ်မှုကြောင့် လူဝင်မှုကြီးကြပ်ရေး နှိမ်နင်းမှုအပေါ် တင်းမာမှုများ ပိုမိုမြင့်တက်လာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 8 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၈ရက် မင်နီယာပိုလစ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေး (ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား သေနတ်ဖြင့် ပစ်သတ်ခဲ့မှုအပေါ်
ဂျပန် နိုင်ငံတကာသတင်း ဥရောပ

မျက်မှန်အပြောင်းအလဲလုပ်စရာမလို အလိုအလျှောက်ကြည်လင်သောအမြင်ကို ချိန်ညှိပေး မည့်အနာဂါတ်မျက်မှန်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 18 Views
CNN -၂၀၂၆ခုနှစ်၊ဇန်နဝါရီလ ၇ ရက် ဖင်လန်နိုင်ငံအခြေစိုက် မျက်မှန်ကုမ္ပဏီဖြစ်သော IXI သည် သာမန်မျက်မှန်များနှင့် ပုံစံတူ သော်လည်း တပ်ဆင်သူ၏ လိုအပ်ချက်ပေါ်မူတည်၍ အမြင်အာရုံကို အလိုအလျောက် ချိန်ညှိပေးနိုင်သည့် “Autofocus” စမတ်မျက်မှန်များကို မိတ်ဆက်ရန် ပြင်ဆင်နေပါသည်။
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားရေနံကို ပြန်လည်အသက်သွင်းလိုသည့် ထရမ့်၏အိပ်မက်ကို ရေနံကုမ္ပဏီကြီး များ စိတ်မဝင်စား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 33 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက် နယူးယောက် — ဗင်နီဇွဲလား၏ ရေနံနှင့်ပတ်သက်၍ သမ္မတ ဒေါ်နယ်ထရမ့်သည် ကြီးမားသော အမှားတွက်ချက်မှုတစ်ခု ပြုလုပ်ခဲ့ပုံရသည်။ ဗင်နီဇွဲလား၏ များပြားလှသော ရေနံသယံဇာတများကို အမေရိကန်ရေနံကုမ္ပဏီများ
နိုင်ငံတကာသတင်း အမေရိကန်

‘ကျွန်ုပ်တို့ ဂရင်းလန်းကို လိုအပ်တယ်’ – ဒိန်းမတ်ပိုင်နက်ကို သိမ်းယူရန် ထရန့်က ထပ်မံခြိမ်းခြောက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်
  • 34 Views
BBC- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ၅ရက် ဒိန်းမတ်ခေါင်းဆောင်က အဆိုပါကျွန်းနှင့်ပတ်သက်၍ “ ခြိမ်းခြောက်မှုများ ရပ်တန့်ရန်” တိုက်တွန်းခဲ့ပြီးနောက်၊ ဒေါ်နယ်ထရန့်က ဂရင်းလန်း (Greenland) ကို သိမ်းယူရန် အဆိုပြုချက်ကို ထပ်မံပြောကြားခဲ့သည်။ အမေရိကန်သမ္မတက သတင်းထောက်များကို ပြောကြားရာတွင် “
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားသမတကိုအမေရိကန်ဖမ်းဆီးမှုနှင့်ပတ်သက်သည့် ဆီနေတာ ဘားနီးဆန်းဒါးစ်၏ မိန့်ခွန်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်
  • 36 Views
၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၄ရက် ဒေါ်နယ်ထရန့်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တရားဥပဒေစိုးမိုးရေးအပေါ် သူရဲ့ မလေးစားမှုကို နောက်တစ်ကြိမ် ထပ်မံပြသလိုက်ပြန်ပါပြီ။ ကျနော်တို့ ရှင်းရှင်းလင်းလင်း သိထားဖို့ လိုတာကတော့ – အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတတယောက်အနေနဲ့ မာဒူရို (Maduro) လို
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

မာဒူရို အဖမ်းခံရပြီးနောက် ဗင်နီဇွဲလားနိုင်ငံကို ဦးဆောင်မည့် ဒယ်လ်စီ ရော်ဒရီဂက်ဇ် (Delcy Rodríguez) ဆိုသည်မှာ မည်သူနည်း။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 4 ရက်
  • 44 Views
CNN- ဇန်နဝါရီလ ၄ရက်၊ ၂၀၂၆ခုနှစ် ဗင်နီဇွဲလားနိုင်ငံအတွင်း အမေရိကန်စစ်ဆင်ရေးတစ်ခုအတွင်း သမ္မတ နီကိုးလပ်စ် မာဒူရို (Nicolás Maduro) အဖမ်းခံရပြီးနောက်၊ တောင်အမေရိကနိုင်ငံဖြစ်သော ဗင်နီဇွဲလား၏ အုပ်ချုပ်ရေးအာဏာသည် အမှုဆောင် ဒုတိယသမ္မတ ဒယ်လ်စီ ရော်ဒရီဂက်ဇ်၏ လက်ထဲသို့
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားသမတမာဒူရိုကိုအမေရိကန်တပ်ဖွဲ့များကဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားမှု အပြည့်အစုံ နဲ့မြန်မာနိုင်ငံနဲ့နှိုင်းယှဥ်ကြည့်ခြင်း။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 4 ရက်
  • 51 Views
၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၄ရက် ဗင်နီဇွဲလားနိုင်ငံရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေက တကယ့်ကို ထိတ်လန့်စရာ ကောင်းပြီး သမိုင်းဝင်ဖြစ်ရပ်တစ်ခု ဖြစ်နေပါတယ်။ အဓိကဖြစ်ရပ်ကတော့ ဗင်နီဇွဲလား သမ္မတ နီကိုးလပ်စ် မာဒူရို (Nicolás Maduro) ကို အမေရိကန်တပ်ဖွဲ့တွေက