ပြင်ဦးလွင်မြို့နဲ့ (၁၀)မိုင်အကွာရှိ နောင်ချိုမြို့က စစ်ကောင်စီရဲ့ သရက်ကုန်းကျေးရွာစစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ MOD ရဲ့ ဒီကနေ့မှာ အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီသရက်ကုန်းရွာစခန်းကို ဧပြီလ (၁၅)ရက်နေ့ကစပြီး တော်လှန်ရေးတပ်တွေက ထိုစစ်ဆင်တိုက်ခိုက်ခဲ့ရာ တနေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းနဲ့ (၆)ကြိမ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲထဲ စစ်ကောင်စီဘက်က အများအပြားသေဆုံးကာ ထိခိုက်တာတွေရှိခဲ့ပြီး MA-1၊ MA-2၊ MA-3၊ MA-4၊ MA-5၊ MA-11၊ ၆၀ မမ မော်တာ စုစုပေါင်း (၆၁)လက်အပါအဝင် ခဲယမ်းမီးကျောက်တွေ ရရှိခဲ့ကာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် အရပ်သားနေအိမ်တွေ ထိမှန်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဧပြီလ (၁၉)ရက်နေ့မှာလဲ စစ်ကောင်စီဘက်က ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်က (၁၅)ဦးသေဆုံးပြီး ထိခိုက်တာတွေရှိခဲ့သလို ဧပြီလ (၂၀)ရက်တိုက်ပွဲမှာ တော်လှန်ရေးရဲဘော် (၂)ဦး ကျဆုံးခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါ့ပြင် စစ်ကောင်စီဘက်က သရက်ကုန်းကျေးရွာကို ပြန်လည်ရရှိဖို့ ကြည်းကြောင်း၊ လေကြောင်းနဲ့ အပြင်းအထန် တန်ပြန်ထိုးစစ်ဆင်ခဲ့ကာ ဧပြီလ (၂၁)ရက်နေ့ကစပြီး (၂၅)ရက်နေ့အထိ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ပြောဆိုထားပါတယ်။
အဲ့ဒီ (၅)ရက်ကြာတိုက်ပွဲထဲမှာ စစ်ကောင်စီဘက်က (၄၄)ဦးခန့် သေဆုံးခဲ့သလို (၃၈)ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်တာ (၃၂)ကြိမ်အထိရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ဟာ လေကြောင်းကနေ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ဘုန်းကြီးကျောင်းတွေထဲကို ပစ်ခတ်တိုက်ခိုက်ခဲ့ကာ (၂၆)ကြိမ်အထိ ကျရောက်ခဲ့ပြီး ကျေးရွာတွေထဲကို (၈)ကြိမ် ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။