ဩဂုတ်လ (၂၆)ရက်။
မူးမြိုနယ်ထဲ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် ဦးဇင်းတစ်ပါး ပျံလွန်တော်မူခဲ့ပြီး ကိုရင်တစ်ပါး၊ ကျောင်းသားကျောင်းသူ (၅)ဦးနဲ့ အရပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဩဂုတ်လ (၁၇)ရက်နေ့ကစပြီး ဖြူးမြို့၊ အရှေ့လိပ်ပေါက်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ KNLA တို့ (၃)ရက်ကြာ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီရဲ့ ခမရ(၄၃၉)တပ်ရင်းက ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ ကုန်းအင်းတောင်၊ ကုန်းအင်းအနောက်၊ ကုန်းအင်းအရှေ့၊ ဆက်ကုန်း၊ ဆင်တဲကုန်းနဲ့ သပြေခင်ရွာတွေထဲ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ ဖော်ပြထားပါတယ်။
ဩဂုတ်လ (၁၇)ရက်နေ့မှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဟာ အိမ်ပင်သာရွာဘုန်းကြီးကျောင်းပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး ဦးဇင်း ဦးဥက္ကံာသမှာ ဦးခေါင်းထိခိုက်ဒဏ်ရာရရှိခဲ့ကာ မြို့ပေါ်ဆေးကုသချိန် ပျံလွန်တော်မူခဲ့ပြီး ကိုရင် ရှင်ပုညမှာ ၀မ်းဗိုက်ဒဏ်ရာရှိခဲ့သလို ရွာသားတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် ဩဂုတ်လ (၂၁)ရက်နေ့ နံနက် (၁၀)နာရီအချိန်ကလဲ စစ်ကောင်စီရဲ့ ခမရ (၅၉၉)တပ်ရင်းကနေ ၁၂၀မမနဲ့ လက်နက်ကြီး (၂)လုံး ကျွန်းတောကျေးရွာထဲ ပစ်ခတ်ခဲ့ရာ ကျေးရွာစာသင်ကျာင်း၀ိုင်းထဲ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ပြောဆိုထားပါတယ်။
စာသင်ကျောင်းဝိုင်းထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် မောင်အောင်ပြည့်စုံ၊ မောင်နေမင်းမြတ်၊ မပိုးကြယ်ဇင်၊ မထိုက်ထိုက်နွယ်နဲ့ အခြား ကျောင်းသူ (၁)ဦး စုစုပေါင်း (၅) ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။