ဩဂုတ်လ (၂၇)ရက်။
မနေ့က နံနက် (၁)နာရီကျော်အချိန်ကစပြီး (၂)နာရီအထိ သီပေါမြို့ကို စစ်ကောင်စီက Y-12 လေယာဉ်နဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီဟာ ပြည်သူတွေ အိပ်မောကျနေတဲ့အချိန် လေကြောင်းကနေ တစ်ရက်ထဲ ဗုံးအလုံး (၅၀)ကျော် လာရောက်ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
နောက်ပြီး သီပေါမြို့နယ်ရှိ အုတ်ကျင်းရပ်ကွက်ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ (၂)ကြိမ် ဗုံး (၄)လုံး ကြဲချတိုက်ခိုက်ခဲ့ကာ အသက် (၆၀)အရွယ်နဲ့ အသက် (၅၀)အရွယ် ဒေသခံအမျိုးသား (၂)ဦး သေဆုံးခဲ့ပြီး (၂)ဦး ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့ရာမှာ ရပ်ကွက်ထဲရှိ အမက(၃)စာသင်ကျောင်း၊ အထက(၃)စာသင်ကျောင်းနဲ့ ပန်းတိမ်တောင်(မြောက်ရပ်ကွက်)ထဲ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် ဗုံးကျရောက်ပေါက်ကွဲခဲ့တာကြောင့် စာသင်ကျောင်းတွေနဲ့ နေအိမ်တွေ ထိမှန်ပျက်စီးခဲ့တယ်လို့လဲ ပြောဆိုထားပါတယ်။
ဩဂုတ်လ (၁)ရက်နေ့ကစပြီး (၂၇)ရက်အထိ သီပေါမြို့ထဲ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား (၂၁)ဦးသေဆုံးပြီး ကလေးငယ် (၁၀)ဦးအပါအ၀င် (၅၉)ဦးနီးပါး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။