ဩဂုတ်လ (၂၉)ရက်။
မြန်မာစစ်တပ်ကို ILO ပုဒ်မ (၃၃)အရ အရေးယူပေးဖို့ ပြည်တွင်းပြည်ပရှိ အထည်ချုပ်အလုပ်သမားတွေက တောင်းဆိုတဲ့လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့တယ်လို့ မြန်မာနိုင်ငံ အလုပ်သမားတပ်ပေါင်းစု(MLA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
လာမယ့် နို၀င်ဘာလထဲ ILO အုပ်ချုပ်ရေးအဖွဲ့အစည်းဝေးကို ဆွတ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့ရှိ ILO ရုံးချုပ်မှာ ကျင်းပပြုလုပ်သွားဖို့ရှိနေပြီး အစည်းအဝေးထဲ စစ်အုပ်စုကို ပုဒ်မ (၃၃)နဲ့ အရေးယူဖို့အတွက် ဆွေးနွေးကြမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် အထည်ချုပ်အလုပ်သမားတွေဟာ စစ်အာဏာရှင်အောက်မှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်တာတွေကို ရင်ဆိုင်နေရပြီး စစ်ကောင်စီဖြုတ်ချဖို့ ပါ၀င်ဆောင်ရွက်တဲ့အနေနဲ့ ထုတ်ဖော်ပြောဆိုခဲ့တာလို့ ဖော်ပြထားပါတယ်။
မြန်မာရှိ စက်မှုလုပ်ငန်းခွင်တွေမှာ စစ်တပ်က လက်နက်နဲ့ ခြိမ်းခြောက်ဖိနှိပ်ခံရတာနဲ့ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီက အခုလထဲ အလုပ်သမားတွေရဲ့စာရင်း ကောက်ယူတာတွေ ပြုလုပ်နေတယ်လို့ ရေးသားထားပါတယ်။
အခုလို စစ်ကောင်စီက အလုပ်သမားတစ်ဦးချင်းရဲ့ အချက်အလက်ကို ကောက်ယူတာကြောင့် စစ်မှုထမ်းခိုင်းစေမယ့်အပေါ် စိုးရိမ်ချက်များစွာရှိနေတယ်လို့ MLA က ပြောဆိုထားပါတယ်။
အဲ့ဒီအတွက် အခြေခံ အထည်ချုပ်အလုပ်သမားတွေအနေနဲ့ ပြည်သူအပေါ် အကြောက်တရားနဲ့ ဖိနှိပ်အုပ်ချုပ်နေတဲ့ အာဏာရှင်စစ်တပ်ကို ILO က ပုဒ်မ(၃၃)အရ အရေးယူပေးဖို့ တောင်းဆိုတဲ့ ကမ်ပိန်းကို ပြုလုပ်ခဲ့တာလို့ သိရပါတယ်။