အောက်တိုဘာလ (၂၉)ရက်။
ဒီကနေ့မှာ အမ်းမြို့အခြေစိုက် စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို AA က အပြီးသိမ်းပိုက်နိုင်ခဲ့ပြီလို့ စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
မနေ့ အောက်တိုဘာလ (၂၈)ရက်မှာ နပခလက်အောက်ရှိ စစ်ကောင်စီရဲ့ ခမရ (၃၇၁)၊ (၃၇၂)၊ (၃၇၃)အပြင် စစ်တပ်ရဲတပ်ရင်းနဲ့ အမှတ်(၂) စစ်ဆေးရုံ ကုတင် (၁၀၀)တို့ကို သိမ်းပိုက်နိုင်ခဲ့တာပါ။
“ မနေ့ကထဲက စကစဘက်က လေကြောင်းတခုထဲကနေပဲ ပစ်နိုင်တော့တာ၊ အင်အား (၃၀၀)လောက်နဲ့ လက်နက်ခဲယမ်း ရိက္ခာတွေကို လေကြောင်းကနေ ချပေးပေမယ့် AA ကတော့ လေကြာင်းပစ်တာတွေကြားကနေ သိမ်းနိုင်ခဲ့တာ” လို့ စစ်ရေးစောင့်ကြည့်သူတစ်ဉီးက ဆိုပါတယ်။
နပခဌာနချုပ်အနီးဝန်းကျင်က စစ်ကောင်စီစခန်းတွေကို AA က ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် တိုက်ပွဲတွေ ပြင်းထန်လာခဲ့ပြီး စစ်ကောင်စီက လေကြောင်းနေ အပြင်းအထန် ခုခံနေတာလို့ သိရပါတယ်။
မနေ့က နေ့လယ်ပိုင်းက စစ်ကောင်စီဟာ နပခဌာနချုပ်ဘက်ကို Y12 လေယာဉ် (၅)စီးနဲ့ လူအင်အား (၃၀၀)ကျော်အပါအဝင် လက်နက်ရိက္ခာ (၁၀၀)ကျော် စစ်ကူချပေးခဲ့တာတွေရှိတယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။
ဒါ့အပြင် မနေ့က ညပိုင်းကလဲ အမ်းမြို့ထဲ စစ်ကောင်စီဘက်က စစ်ကားတွေနဲ့ ကင်းလှည့်တာတွေရှိခဲ့ပြီး မြို့ထဲ ကင်းပုန်းဝပ်တာတွေရှိတယ်လို့ ဆိုပါတယ်။
အခုလို စစ်ကောင်စီရဲ့ နပခဌာနချုပ်ကို သိမ်းပိုက်နိုင်ခဲ့တာကြောင့် လက်နက်ခဲယမ်း ထောင်နဲ့ချီ သိမ်းဆည်းရမိခဲ့တယ်လို့ ပြောဆိုနေပေမယ့် AA ဘက်ကတော့ တရားဝင် ထုတ်ပြန်လာတာ မရှိသေးဘူးလို့ သိရပါတယ်။