မတ်လ (၃၀)ရက်။
မနေ့က ည(၈)နာရီခန့်မှာ မင်္ဂလာဒုံလေတပ်၀င်းအပါအ၀င် အင်းစိန်မြို့နယ်၊ ဒညင်းကုန်းရပ်ကွက်ရှိ စစ်ကောင်စီ စုဆောင်းရေးတပ်နဲ့ ဦးပိုင်ယာဉ်ရပ်နားစခန်းတို့ကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Dark Shadow ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
တိုက်ခိုက်ခဲ့တဲ့နေရာတွေမှာ ထိခိုက်သေဆုံးတာ အများအပြားရှိနိုင်ကာ ဆေးရုံကားအများအပြားလဲ ၀င်သွားခဲ့တယ်လို့ မြေပြင်သတင်းတွေကို ကိုးကားပြီး ဖော်ပြထားပါတယ်။
“ ဂျပန်လမ်းက မင်္ဂလာဒုံလေတပ်၀င်းကို (၃)လုံး ဖောက်ခွဲခဲ့ပါတယ်၊ နောက်ပြီး ဒညင်းကုန်း တပ်မိသားစု၊ စုဆောင်းရေးတပ်နဲ့ ဦးပိုင်ယာဉ်ရပ်နားစခန်းကို ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ၊ အထိအခိုက်တွေ လုံး၀ရှိပါတယ်” လို့ အဖွဲ့တာ၀န်ရှိသူက ပြောဆိုထားပါတယ်။
ပြည်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ပတ်သက်တဲ့ အဆောက်အအုံတွေ၊ ရုံးတွေနဲ့ ဝေးရာမှာ ရှောင်ရှားသွားလာကြဖို့နဲ့ ပြည်သူတွေ အထိအခိုက်မရှိအောင် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်နေပြီး မတော်တဆ ထိခိုက်တာတွေရှိရင် နားလည်ပေးဖို့ မေတ္တာရပ်ခံထားပါတယ်။
ဒါ့ပြင် စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ပြည်သူတွေနဲ့ တော်လှန်ရေးရဲဘော်တွေကို အန္တရာယ်ပေးတဲ့ ဘယ်သူ့ကိုမဆို အဆုံးအထိ တိုက်ခိုက်ချေမှုန်းသွားမယ်လို့ အသိပေးထားပါတယ်။
ပြည်သူတွေအနေနဲ့ ဒလန်သတင်းပေးတာတွေ၊ စစ်ကောင်စီနဲ့ပတ်သက်တဲ့ လော်ဘီအုပ်ချုပ်ရေးမှူးတွေစာရင်းကို လုံခြုံစွာ ပေးပို့နိုင်ပြီး သေချာစီစစ်ကာ အရေးယူသွားမယ်လို့ ဖော်ပြထားပါတယ်။
Dark Shadow အဖွဲ့အနေနဲ့ ဘယ်အဖွဲ့အစည်းနဲ့မှ မဟာမိတ် ပူးပေါင်းထားတာမရှိဘဲ အဖွဲ့နာမည်သုံးကာ မဟာမိတ်ပူးပေါင်းထားတယ်ပြောပြီး အလှူခံတာတွေရှိပါက တိုင်ကြားနိုင်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။