ဩဂုတ်လ (၃၀)ရက်။
ဩဂုတ်လ (၂၈)ရက်နေ့မှာ နောင်ချိုမြို့၊ တောင်ခမ်းရွာရှိ စစ်ကောင်စီရဲ့ အမြောက်တပ်စခန်း (၂)ခုဖြစ်တဲ့ (၄၀၆)နဲ့ (၂၀၆)တို့ကို သိးပိုက်နိုင်ခဲ့တယ်လို့ TNLA ရဲ့ မနေ့ကညပိုင်းမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
TNLA အနေနဲ့ စစ်ဆင်ရေးဒုတိယပိုင်းထဲ စစ်ကောင်စီရဲ့ အမြောက်တပ်စခန်း (၂)ခုကို သိမ်းပိုက်နိုင်ခဲ့ကာ ထိခိုက်သေဆုံးတာတွေနဲ့ သိမ်းဆည်းရမိခဲ့တဲ့ အခြေအနေအသေးစိတ်ကိုတော့ ထုတ်ပြန်ထားတာမရှိသေးပါဘူး။
နောက်ပြီး မနေ့ကလဲ တောင်ခမ်းရွာရှိ စစ်ကောင်စီရဲ့ (၉၀၂)တပ်စခန်း၊ (၃၄၅)တပ်စခန်းအနီးနဲ့ မကျီးရေရွာဘုန်းကြီးကျောင်းတို့မှာ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားနေတဲ့ တောင်ခမ်းရွာရှိ (၉၀၂)တပ်စခန်းကို Y-12 နဲ့ (၃)ကြိမ် ဗုံး (၁၅၀)လုံး၊ တောင်ရွှေရွာမှာ ဂျက်ဖိုက်တာနဲ့ (၁)ကြိမ်နဲ့ သကြားစက်ရုံမှာ (၂)ကြိမ် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ရှမ်းပြည်တောင်ပိုင်း၊ ရက်စောက်မြို့ရှိ ကျောက်ဂူမြို့ကနေ နောင်ချိုမြို့ထဲကို စစ်အင်အား ပြန်လည်ဖြည့်တင်းဖို့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။