ဩဂုတ်လ (၃၀)ရက်။
မနေ့က နံနက် (၈)နာရီအချိန်မှာ ရေးမြို့၊ ကွမ်ကျိုက်ရွာ(မော့ကနင်ရွာ)အနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ(AD)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ကွမ်ကျိုက်ရွာဘက်မှာ အင်အား (၂၀)ခန့်နဲ့ ၀င်ရောက်တပ်စွဲထားကာ မွန်ပြည်သစ်ပါတီ(AD)အပါအ၀င် YPDF နဲ့ KNLA ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် မိနစ် (၃၀)ခန့်ကြာ အပြန်အလှန် ပစ်ခတ်တာတွေဖြစ်ပွားခဲ့ပြီး တိုက်ပွဲထဲ စစ်ကောင်စီဘက်က (၁၀)ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ ဩဂုတ်လ (၁၆)ရက်နေ့ကစပြီး ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ ဖွဲ့စည်းပြီး ရပ်ကျေးနဲ့ မြိုနယ်အဆင့်မှာ အကောင်အထည်ဖော်ဖို့ ပြည်သူတွေကို လိုက်လံစုဆောင်း ခေါ်ယူနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဟာ နိုင်ငံအနှံ့အပြားမှာ တိုက်ခိုက်ခံနေရကာ အင်အားလျော့နည်းလာတာတွေကြောင့် အင်အား ပြန်လည်ဖြည့်တင်းဖို့ လုပ်ဆောင်နေတာဖြစ်ပြီး စစ်ကောင်စီကို အင်အားပြန်လည်အားဖြည့်ဖို့နဲ့ ပြန်အသက်သွင်းတဲ့ ဘယ်လိုလုပ်ရပ်မဆို ပြတ်ပြတ်သားသား ဆန့်ကျင်သွားမယ်လို့ မွန်ပြည်သစ်ပါတီ(AD)က ပြောဆိုထားပါတယ်။
ဒါ့ကြောင့် ဒေသဆိုင်ရာ နိုင်ငံရေး၊ စစ်ရေးဦးဆောင်အဖွဲ့တွေအနေနဲ့ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေကို စစ်ကောင်စီက စီစဉ်နေတဲ့ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့အတွက် စုဆောင်းတာတွေမလုပ်ဖို့ ထပ်ဆင့်ညွှန်ကြားပြီး မလိုက်နာဘဲ ပူးပေါင်းပါ၀င်သူတွေကို အရေးယူဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။