ဇွန်လ (၄)ရက်။
ပြီးခဲ့တဲ့ မေလပိုင်းထဲ တအာင်းဒေသမှာ စစ်ကောင်စီရဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် ပြည်သူ (၈)ဦးသေဆုံးပြီး (၁၈)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီရဲ့ ပစ်ခတ်တိုက်ခိုက်တာတွေထဲ နောင်ချိုမြို့မှာ လေကြောင်းနဲ့ (၁၂)ကြိမ်၊ လက်နက်ကြီး (၇၇၆)လုံး၊ ဒရုန်းနဲ့ ဗုံး (၃၂၉)လုံးနဲ့ အဆိပ်ငွေ့ဗုံး (၁၄၄)လုံးတို့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ နောင်ချိုမြို့ထဲ တိုက်ခိုက်တာတွေကြောင့် အပြစ်မဲ့ပြည်သူ (၆)ဦးသေဆုံးခဲ့ပြီး (၁၄)ဦး ဒဏ်ရာရရှိခဲ့သလို နေအိမ် (၈)လုံး ဗုံးစထိမှန်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး မိုးကုတ်မြို့ကို လေကြောင်းနဲ့ (၆)ကြိမ်တိုက်ခိုက်ခဲ့ရာ ပြည်သူ (၁)ဦးသေဆုံးပြီး (၁)ဦး ဒဏ်ရာရရှိခဲ့သလို ဗုံးပေါက်ကွဲတာကြောင့် ကျေးရွာဘုန်းကြီးကျောင်းအပါအဝင် နေအိမ် (၁၈)လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် မန်တုံမြို့ကိုလဲ စစ်ကောင်စီက လေကြောင်းကနေ (၂)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကာ ပြည်သူ (၁)ဦးသေဆုံးပြီး (၃)ဦး ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၂၇)လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ပြောဆိုထားပါတယ်။
မေလထဲ အပစ်ရပ်တယ်ဆိုပြီး ကြေညာထားတဲ့ စစ်ကောင်စီဟာ နောင်ချို၊ မိုးကုတ်၊ ကျောက်မဲ၊ မိုင်းငေါ့၊ မိုင်းလုံနဲ့ မန်တုံမြို့ကို လေကြောင်းနဲ့ (၂၆)ကြိမ်၊ လက်နက်ကြီး (၇၇၆)လုံး၊ ဒရုန်းနဲ့ ဗုံး (၃၂၉)လုံးနဲ့ အဆိပ်ငွေ့ (၁၁၄)လုံး ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

