ဇွန်လ (၆)ရက်။
မနေ့က နေ့လယ် (၂)နာရီဝန်းကျင်က ဆောမြို့နယ် ညောင်ကန်ကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။
“ မနေ့က နေ့လယ် (၁)နာရီ (၅၈)မိနစ်လောက်မှာ မိတ္ထီလာရှမ်းတဲလေတပ်ကနေ Mig-29 ဂျက်ဖိုက်တာတစီးနဲ့ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ညောင်ကန်ရွာကို လေကြောင်းတိုက်ခိုက်ခဲ့တာ။ အရပ်သား (၃)ဦး နေရာမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့ရတယ်” လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ ညောင်ကန်ရွာကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ Mig-29 ဂျက်ဖိုက်တာတစ်စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ (၃)ဦး နေရာမှာပဲ ပွဲချင်းပြီးသေဆုံခဲ့ကာ (၆)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ယောနယ်တဝိုက်ကို လေကြောင်းကနေ မကြာခဏ တိုက်ခိုက်နေတာကြောင့် ပြည်သူတွေအနေနဲ့ အထူးဂရုစိုက်ကြဖို့နဲ့ ကတုတ်ကျင်းတွေ ပြုလုပ်ထားကြဖို့ တိုက်တွန်းထားပါတယ်။
ပြီးခဲ့တဲ့ မေလတလတာထဲ ဂန့်ဂေါခရိုင်ထဲကို စစ်ကောင်စီက လေကြောင်းကနေ အကြိမ်ရေ(၃၀)ထက်မနည်း တိုက်ခိုက်ခဲ့ကာ အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးတာတွေရှိခဲ့သလို စာသင်ကျောင်းနဲ့ လူနေအိမ်အချို့ ထိမှန်ပျက်စီးခဲ့ရပါတယ်။
ယောဒေသထဲ စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေပေမယ့် ပြည်သူတွေကို လေကြောင်းအန္တရာယ်ကင်းဝေးဖို့ အသိပညာပေးတာတွေ မရှိသလောက် နည်းပါးနေကာ ထိခိုက်ပျက်စီးတာတွေအတွက် ကူညီထောက်ပံ့တာတွေ လိုအပ်နေတယ်လို့ သိရပါတယ်။



