နိုဝင်ဘာလ (၁၅)ရက်။
မနေ့က နံနက် (၁၀)နာရီကျော်အချိန် ညောင်လေးပင်ခရိုင် ရွှေကျင်မြို့ရှိ အနောက်ဘက်ကျေးရွာမှာ မဲဆွယ်ပွဲလာဖို့ လက်ကမ်းစာစောင် လိုက်ဝေတဲ့ ကြံ့ခိုင်ရေးပါတီဝင် အမျိုးသမီးတဦး ဓါးခုတ်ခံခဲ့ရတယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။
“ သူက ကိုယ်စားလှယ်လောင်းတွေ မဲလာဆွယ်မှာကို လာဖို့ဆိုပြီး တအိမ်တက်ဆင်း လက်ကမ်းစာစောင်တွေ လိုက်ဝေတာ။ အဲ့ဒီလိုလိုက်ဝေပြီးတော့ မဲဆွယ်ပွဲလုပ်မယ့်အိမ်နားအရောက်မှာ တရွာထဲနေတဲ့သူက ဓါးမနဲ့ခုတ်တာခံရတာ” လို့ ဆိုပါတယ်။
အဲ့ဒီဖြစ်စဉ်ဟာ ရွှေကျင်မြို့ အနောက်ဘက်ကျေးရွာနေ ကြံခိုင်ရေးပါတီရဲ့ ရပ်/ကျေးအမှုဆောင်ဖြစ်တဲ့ ဒေါ်အမာဟာ ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်ပွဲကို လာဖို့ဆိုပြီး တအိမ်တက်ဆင်း လက်ကမ်းစာစောင် လိုက်ဝေခဲ့တာလို့ သိရပါတယ်။
လက်ကမ်းစာစောင်တွေ လိုက်ဝေပြီးနောက် မဲဆွယ်ပွဲလုပ်မယ့် နေအိမ်အနီး လမ်းမကြီးပေါ်အရောက်မှာ တရွာထဲနေ အသက် (၄၂)နှစ်အရွယ် အမျိုးသားက ဓါးမနဲ့ လိုက်ခုတ်ခဲ့တာလို့ သူက ဆက်ပြောပါတယ်။
ဓါးနဲ့ခုတ်ခံရတာကြောင့် ကြံ့ခိုင်ရေးပါတီဝင်အမျိုးသမီးဟာ မစိုးရိမ်ရဒဏ်ရာအချို့ ရရှိခဲ့ပြီး ကျူးလွန်သူကို ရွှေကျင်ချောင်းဘေးမှာ ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသထဲသတင်းတွေက ရေးသားထားပါတယ်။
ဒါ့အပြင် ကျူးလွန်သူကို ရွှေကျင်မြို့မရဲစခန်းမှာ ရွေးကောက်ပွဲကာကွယ်တဲ့ဥပဒေပုဒ်မ ၂၄(က)နဲ့ အမှုဖွင့်ထားကာ ကျူးလွန်သူဟာ NLD ပါတီဝင်ဆိုပြီးလဲ စစ်လော်ဘီချန်နယ်တွေက စွပ်စွဲထားတယ်လို့ သိရပါတယ်။








