ဒီဇင်ဘာလ (၁၈)ရက်။
Twitch၊ Facebook၊ YouTube နဲ့ MediaFire တို့ကနေ အကြမ်းဖက်စစ်အုပ်စုရဲ့ ဝါဒမှိုင်းဖြန့်အကောင့်တွေ ဖယ်ရှားခံရတယ်လို့ Justice for Myanmar ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
Justice for Myanmar အပါအဝင် အရပ်ဘက်အဖွဲ့တွေက နည်းပညာကုမ္ပဏီတွေထံ အဲ့ဒီဝါဒဖြန့်အကောင့်တွေကို လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်မှုတွေရှိတဲ့အပေါ် ဒဏ်ခတ်ပိတ်ဆို့ဖို့ စာရေးသားပေးပို့ပြီးနောက် ဖြုတ်ချခံရတာလို့ ဆိုပါတယ်။
ဒီလို စစ်အုပ်စုပြန်ကြားရေးနဲ့ စစ်တပ်ရဲ့ ပြည်သူ့ဆက်ဆံရေးနဲ့ စိတ်ဓါတ်စစ်ဆင်ရေးဌာနတို့က ကြီးကြပ်အသုံးပြုနေတဲ့ ဝါဒဖြန့်အကောင့်တွေကို မကြာမီက အရေးယူခဲ့တဲ့အပေါ် ကြိုဆိုတယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး စစ်အုပ်စုဟာ ရိုဟင်ဂျာတွေအပေါ် အမုန်းစကားဖြန့်ဝေတာ၊ ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ သွေးထိုးတာနဲ့ အတုအယောင်ရွေးကောက်အပါအဝင် သတင်းမှားတွေကို နိုင်ငံပိုင်မီဒီယာတွေနဲ့ ဝါဒဖြန့်ချီရေးရုပ်သံလိုင်းတွေကို အသုံးပြုလုပ်ဆောင်တဲ့ ရှည်လျားတဲ့ သမိုင်းမှတ်တမ်းရှိတယ်လို့ ရေးသားထားပါတယ်။
Amazon ပိုင် ဗီဒီယိုပလက်ဖောင်းဖြစ်တဲ့ Twitch ဟာ MRTV နဲ့ မြန်မာ့ရေဒီယိုလိုင်း (၁၄)ခုကို ဝက်ဆိုဒ်အပါအဝင် Google နဲ့ Apple Apps store တွေရှိ သူတို့ရဲ့ Apps တွေကနေ ဖယ်ရှားခဲ့တယ်လို့ သိရပါတယ်။
နောက်ပြီး Facebook ဟာ MITV စာမျက်နှာကို ဖျက်သိမ်းခဲ့သလို YouTube ကလဲ စစ်အုပ်စုပြန်ကြားရေးဝန်ကြီးဌာနရဲ့ အကောင့်တခုကို သူတို့ရဲ့ ပလက်ဖောင်းကနေ ဖယ်ရှားခဲ့တယ်လို့ ဆိုပါတယ်။
Facebook ရဲ့ အရေးယူတာဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သူတို့ချမှတ်ခဲ့တဲ့ စစ်တပ်ထိန်းချုပ်တဲ့ နိုင်ငံပိုင်မီဒီယာအဖွဲ့တွေအပေါ် ပိတ်ပင်တားမြစ်ချက်တွေနဲ့ ကိုက်ညီတယ်လို့ ထုတ်ပြန်ထားပါတယ်။
အခုလို Justice for Myanmar က တိုင်ကြားခဲ့တဲ့ စစ်အုပ်စုအကောင့်တွေကို အမေရိကန်၊ ယူကေ၊ အီးယူ၊ ကနေဒါနဲ့ ဩစတြေးလျအပါအဝင် နိုင်ငံများစွာရဲ့ ဒဏ်ခတ်ပိတ်ဆို့ခံထားရတဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေက ထိန်းချုပ်ထားတာလို့ ထည့်သွင်းပြောဆိုထားပါတယ်။
ဒါ့အပြင် Google ရဲ့ မိခင်ကုမ္ပဏီ Alphabet အပါအဝင် Apple၊ TikTok၊ X၊ Telegram၊ Cloudflare နဲ့ APKPure တို့ကိုလဲ စာပေးပို့ထားပေမယ့် အခုအချိန်အထိ အရေးယူတာမရှိသေးဘူးလို့ ရေးသားထားပါတယ်။
ဒါ့ကြောင့် နည်းပညာကုမ္ပဏီတွေအနေနဲ့ ဖော်ထုတ်တွေ့ရှိထားတဲ့ စစ်အုပ်စုဝါဒမှိုင်းဖြန့်အကောင့်တွေကို ဖြုတ်ချဖို့နဲ့ သူတို့ရဲ့ပလက်ဖောင်းတွေကို စစ်အုပ်စုက အသုံးပြုနေတာတွေကို ပိတ်ပင်ဖို့ Justice for Myanmar က တိုက်တွန်းထားတယ်လို့ သိရပါတယ်။








