နိုဝင်ဘာလ (၂၆)ရက်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စိုးဝင်းအပါအဝင် (၆)ဦးကို အကြမ်းဖက်သမားတွေအနေနဲ့ NUG က မနေ့က သတ်မှတ်ကြေညာခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
NUG က အကြမ်းဖက်သမားတွေအနေနဲ့ သတ်မှတ်သူတွေဟာ ဒုသမ္မတ ဦးမြင့်ဆွေ၊ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စိုးဝင်းအပြင် ဒုဗိုလ်ချုပ်ကြီးတွေဖြစ်တဲ့ စိန်ဝင်း၊ စိုးထွဋ်နဲ့ ရဲအောင်တို့ဖြစ်တယ်လို့ ဆိုပါတယ်။
သူတို့ဟာ ကာ/လုံအစည်းအဝေးကို ဥပဒေမဲ့ခေါ်ယူပြီး သမ္မတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်တဲ့ ပြည်သူ့အစိုးရအဖွဲ့ဝင်တွေကို မတရားဖမ်းဆီးကာ နိုင်ငံတော်ပုန်ကန်မှုကို ကျူးလွန်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒီလို ကာ/လုံအစည်းအဝေးကို ဥပဒေမဲ့ခေါ်ယူပြီး နိုင်ငံတော်ပုန်ကန်မှုကို ကျူးလွန်ခဲ့တဲ့ သူတို့ (၆)ဦးကို အကြမ်းဖက်သမားတွေအနေနဲ့ NUG အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုအဖွဲ့က အစိုးရအဖွဲ့ရဲ့ သဘောတူညီချက်နဲ့ အမိန့်ကြေညာစာ ထုတ်ပြန်တာလို့ ရေးသားထားပါတယ်။
နောက်ပြီး အဲ့ဒီအကြမ်းဖက်သမားတွေကို ဥပဒေအရ အရေးယူနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။
ဒါ့အပြင် မတရားစစ်အာဏာလုတဲ့ဖြစ်စဉ် စတင်ချိန်ကနေ မနေ့ကအထိ အကြမ်းဖက်စစ်အုပ်စုနဲ့ လက်ပါးစေတွေကြောင့် နွေဦးတော်လှန်ရေးကာလထဲ သေဆုံးခဲ့တဲ့ ဒီမိုကရေစီတက်ကြွလှုပ်ရှားသူတွေနဲ့ ပြည်သူ စုစုပေါင်း (၇၄၀၀)ကျော်ရှိပြီလို့ AAPP ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။








