မေလ (၂၈)ရက်။
မြန်မာစစ်အစိုးရရဲ့ အရပ်သားပြည်သူတွေကို လေကြောင်းကနေ နေ့တိုင်းနီးပါး တိုက်ခိုက်နေတဲ့ အစီရင်ခံစာနဲ့ပတ်သက်ပြီး အလွန်စိုးရိမ်တယ်လို့ ဆွီဒင်သံရုံးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်အစိုးရဟာ ကိုယ်တိုင်ကြေညာထားတဲ့ အပစ်ရပ်စဲရေးကို ချိုးဖောက်ပြီး စာသင်ကျောင်းတွေ၊ ဆေးရုံတွေနဲ့ ဘာသာရေးအဆောက်အအုံတွေအပါအဝင် အရပ်သားတွေကို လေကြောင်းကနေ နေ့တိုင်းနီးပါး တိုက်ခိုက်နေတာလို့ ဆိုပါတယ်။
စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူး၊ ရခိုင်၊ ချင်းနဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် သေဆုံးသူတွေရဲ့ မိသားစုဝင်တွေအတွက် အထူးဝမ်းနည်းရတယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီလို အရပ်သားပြည်သူတွေ အထူးသဖြင့် အပြစ်မဲ့ကလေးတွေကို တိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှုဖြစ်တယ်လို့ ဆွီဒင်သံရုံးက ပြောဆိုထားပါတယ်။
ဒါ့အပြင် ဆွီဒင်နိုင်ငံအနေနဲ့ နိုင်ငံတကာလူသားစာနာမှုဆိုင်ရာ ဥပဒေကို အမြဲကာကွယ်ပေးမှာဖြစ်တဲ့အတွက် မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်သွားမယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
