အောက်တိုဘာလ (၂၉)ရက်။
မနေ့က ည (၁၂)နာရီကျော်အချိန်က စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းကို ဆက်သွယ်ထားတဲ့ ဧရာဝတီတံတား(ရတနာသိခ်) မိုင်းခွဲခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
“ ည (၁၂)ကျော်လောက်မှာ စစ်ကိုင်း ကျောက်မြောင်းနဲ့ မန္တလေး စဉ့်ကူးမြို့ကို ဆက်ထားတဲ့ ဧရာဝတီမြစ်ကူးတံတား(ရတနာသိခ်) မိုင်းခွဲခံရတာ၊ ကျိုးကျတဲ့အပိုင်းကတော့ စဉ့်ကူးဘက်မှာပါ။ ဘယ်သူလုပ်တယ်ဆိုတာတော့ မသိဘူး” လို့ ဆိုပါတယ်။
ဧရာဝတီမြစ်ကူးတံတား(ရတနာသိခ်) မိုင်းခွဲခံရတာကြောင့် စဉ့်ကူးမြို့ဘက်ခြမ်းရှိ တံတားတိုင်အမှတ် (၄/၅)နဲ့ (၆/၇)တို့ ကျိုးကျပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ရတနာသိခ်တံတား မိုင်းခွဲခံရတာနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့က ပြုလုပ်တယ်ဆိုတာ မသိရသေးပေမယ့် စစ်တပ်ဘက်ကတော့ TNLA နဲ့ MDY-PDF တို့ လုပ်ဆောင်ခဲ့တာဆိုပြီး စွပ်စွဲထားပါတယ်။
အဲ့ဒီရတနာသိခ်တံတားဟာ ၂၀၁၃ခုနှစ် ဇူလိုင်လ (၂၄)ရက်နေ့မှာ ဖွင့်လှစ်ခဲ့ပြီး အရှည် (၂၄၈၀)ပေရှိကာ သံကူကွန်ကရစ်အမျိုးအစားဖြစ်သလို မန္တလေးတိုင်း စဉ့်ကူးမြို့နဲ့ စစ်ကိုင်းတိုင်း ကျောက်မြောင်းမြို့ကို ဆက်သွယ်ထားတာပါ။
ဒါ့အပြင် တံတားရဲ့ တဖက်ခြမ်းဖြစ်တဲ့ ကျောက်မြောင်းမြို့ကို စစ်တပ်က ထိန်းချုပ်ထားပြီး စဉ့်ကူးမြို့ကို ဒေသတော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားပါတယ်။
အခုအချိန်မှာတော့ စဉ့်ကူးမြို့ကို ပြန်လည်ရရှိဖို့ စစ်တပ်က မြေပြင်စစ်ကြောင်းထိုးတာတွေအပြင် လေကြောင်း၊ လက်နက်ကြီးပစ်ကူတွေနဲ့ တိုက်ခိုက်နေတာလို့ သတင်းထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။









