ဒီဇင်ဘာလ (၂၉)ရက်။
မနေ့က မြိတ်မြို့မှာ စစ်တပ်ကျင်းပတဲ့ အတုအယောင်ရွေးကောက်ပွဲ ရှုံးနိမ့်တာကြောင့်ဆိုပြီး ကြံ့ခိုင်ရေးပါတီက ကန့်ကွက်စာတင်ထားတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။
မြိတ်မြို့ ပသောင်းကျေးရွာအုပ်စုရှိ ပသောင်းမဲရုံမှာ မဲလာပေးသူအချို့ကို မဲရုံအမည်စစ်ဆေးသူက ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီကို မဲပေးဖို့ ညွှန်ပြတာတွေရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီဖြစ်စဉ်ကို မဲရုံကိုယ်စားလှယ်က သတင်းပေးပို့ တိုင်ကြားလာတာကြောင့် မြို့နယ်ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌက အရေးယူပေးဖို့ဆိုပြီး ကန့်ကွက်စာတင်ခဲ့တာလို့ ဖော်ပြထားပါတယ်။
မြိတ်မြို့နယ်ထဲ ပြည်သူ့ပါတီက တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်မှာ အနိုင်ရရှိခဲ့ပြီး တိုင်းဒေသကြီးရှိ ကျန်မဲဆန္ဒနယ်တွေကိုတော့ ကြံ့ခိုင်ရေးပါတီက အနိုင်ရရှိခဲ့ပါတယ်။
အခုလို အရေးယူဖို့ ကန့်ကွက်စာတင်ပြထားတာကြောင့် စစ်တပ်ရဲ့ ဥပဒေအရ ကျုးလွန်သူအနေနဲ့ တနှစ်ထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ (၁)သိန်းကျပ်ထက်မပိုတဲ့ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရမှာဖြစ်ပါတယ်။
မနေ့က စစ်တပ်က ရွေးကောက်ပွဲအပိုင်း (၁)ကို ပြုလုပ်ခဲ့တာဖြစ်ပြီး မဲဆန္ဒနယ်အများအပြားကို ကြံ့ခိုင်ရေးပါတီက အနိုင်ရရှိထားတယ်လို့ ကနဦးသတင်းတွေအနေနဲ့ ဖော်ပြထားကြပါတယ်။
ဒါ့အပြင် စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲ အပိုင်း(၁)မှာ မဲရုံတွေရဲ့ မဲရေတွက်တဲ့အခါ ပွင့်လင်းမြင်သာမှုမရှိတာနဲ့ လိုအပ်ချက်တွေ ရှိနေသလို မဲစာရင်း အငြင်းပွားတာတွေရှိတယ်လို့ သိရပါတယ်။








