ဒီဇင်ဘာလ (၃၀)ရက်။
၂၀၂၆ခုနှစ်မှာ တေယ်လှန်ရေးကို အောင်မြင်စွာ အဆုံးမသတ်နိုင်သေးဘူးလို့ NUG ဝန်ကြီးချုပ်ရုံးရဲ့ ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက မနေ့က PVTV နဲ့ မေးမြန်းခန်းမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
“ ၂၀၂၆မှာ ဘာဖြစ်မလဲဆိုတာ တိတိကျကျ ပြောဖို့ခက်ပေမယ့် အခုလို ပြည်သူရဲ့ ပါဝင်မှု တော်လှန်ရေးအင်အားစုတွေရဲ့ ဒီနေ့ တော်လှန်ရေးပေါ်မှာ ပိုပြီး နားလည် သုံးသပ်နိုင်တာတွေကြောင့် ပိုမိုအားကောင်းတဲ့ ခြေလှမ်းသစ်တွေ လှမ်းနိုင်မယ်လို ယုံကြည်တယ်” လို့ ဆိုပါတယ်။
အခုလာမယ့် ၂၀၂၆ခုနှစ်မှာ တော်လှန်ရေး အောင်မြင်စွာ အဆုံးသတ်နိုင်မှာ မဟုတ်သေးပေမယ့် အောင်မြင်တဲ့လမ်းပေါ်ကို သေချာပေါက်ရောက်မယ့်နှစ်လို့ အသိပေးထားပါတယ်။
ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ အကြံဉာဏ်တွေပေးတာ၊ ထောက်ပြဝေဖန်တာနဲ့ ဆက်လက်ပါဝင် တွန်းအားပေးကြဖို့ ဝန်ကြီးက တိုက်တွန်းတောင်းဆိုထားပါတယ်။
နောက်ပြီး ဖိနှိပ်မှုတွေ အမျိုးမျိုးရှိနေပေမယ့် တော်လှန်ရေးနဲ့အတူရှိနေတဲ့ ပြည်သူတွေကို အလေးပြုပြီး ပြည်သူတွေရဲ့အားကြောင့် တော်လှန်ရေး သေချာပေါက် အောင်မြင်မယ်ဆိုတာ အကြွင်းမဲ့ယုံကြည်တယ်လို့ ထည့်သွင်းပြောဆိုထားပါတယ်။
ဒါ့အပြင် ပြည်သူတွေ တော်လှန်ရေးထဲ ပိုမိုပါဝင်နိုင်ဖို့ ဝန်ဆောင်မှုတွေ ပိုပေးပြီး စီမံခန့်ခွဲအုပ်ချုပ်မှုစနစ် တည်ဆောက်တာ၊ တာဝန်ခံမှု တာဝန်ယူမှုရှိဖို့နဲ့ အဂတိလိုက်စားမှုကို အဓိကထား တိုက်ဖျက်မယ်လို့ ဝန်ကြီးက အသိပေးထားပါတယ်။
တဖက်မှာလဲ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ကြိုတင်ပြင်ဆင်တာတွေရှိသလို အင်အားစုတွေအချင်းချင်းကြား စီမံဆောင်ရွက်တာတွေရှိတယ်လို့ ဝန်ကြီးက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။








