စစ်တပ်လက်အောက်ခံ ပျူစောထီးရွာတရွာကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ဆို
ဒီဇင်ဘာလ (၃၀)ရက်။
ဒီဇင်ဘာလ (၂၇)ရက်နေ့ နံနက် (၅)နာရီအချိန်ကစပြီး ဂန့်ဂေါခရိုင်ထဲရှိ စစ်တပ်စခန်းတွေနဲ့ ပျူစောထီးရွာတွေကို ယောဒေသစစ်ဆင်ရေးအနေနဲ့ စတင်ထိုးစစ်ဆင်ခဲ့တယ်လို့ ဂန့်ဂေါခရိုင်စစ်ဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီစစ်ဆင်ရေးကို ဂန့်ဂေါခရိုင်စစ်ဌာနအနေနဲ့ ဒေသထဲ တော်လှန်ရေးအင်အားစုတွေ၊ မဟာမိတ်တော်လှန်ရေးအဖွဲ့တွေနဲ့အတူ လက်တွဲပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတာလို့ ဆိုပါတယ်။
အဲ့ဒီတိုက်ပွဲတွေထဲ စစ်တပ်ဘက်က လေကြောင်းနဲ့ အကြိမ်ကြိမ် လာရောက်ပစ်ခတ်ခဲ့ကာ စစ်တပ်လက်အောက်ခံ ပျူစောထီးရွာတရွာကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ရေးစတင်ပြီးနောက် ပျူစောထီးရွာကို သိမ်းပိုက်နိုင်ခဲ့တာနဲ့ပတ်သက်ပြီး အသေးစိတ်ကိုတော့ ထုတ်ပြန်ထားတာမရှိသေးပါဘူး။
ဒါပေမယ့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေအနေနဲ့ စစ်ရေးရည်မှန်းချက် ပြီးမြောက်ပါက အသေးစိတ်အချက်အလက်တွေကို ထပ်မံထုတ်ပြန်သွားမယ်လို့ အသိပေးထားပါတယ်။
ဒါ့အပြင် ဒေသခံပြည်သူတွေအနေနဲ့ စစ်ဆင်ရေးကာလထဲ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်တို့ကို အထူးသတိပြုကြဖို့ ဂန့်ဂေါခရိုင်စစ်ဌာနက တိုက်တွန်းထားပါတယ်။
ဒါ့ကြောင့် ယောပြည်သူတွေအနေနဲ့လဲ စစ်ဆင်ရေးအတွက် လိုအပ်တဲ့ ဘယ်လိုအကူအညီတွေကိုမဆို တတ်စွမ်းသမျှ တော်လှန်ရေးအောင်မြင်စေဖို့ ဝိုင်းဝန်းကူညီဖို့ ဒေသထဲအင်အားစုတွေက မေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်။








