ဒီဇင်ဘာလ (၃၀)ရက်။
အထူးတိုင်းစစ်ဌာနရဲ့ ကွပ်ကဲမှုအောက်မှာ တပ်ရင်း (၁)ရင်းနဲ့ ဒရုန်းတပ်ဖွဲ့တဖွဲ့တို့ကို အတည်ပြုဖွဲ့စည်းလိုက်ပြီဖြစ်တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အတည်ပြုဖွဲ့စည်းလိုက်တဲ့ တပ်ရင်းနဲ့ ဒရုန်းတပ်ဖွဲ့ဟာ အမှတ်(၈၀၀၁)တပ်ရင်း Ye Guerilla Force(YGF)နဲ့ အမှတ်(၁၈၁၉)ဒရုန်းတပ်ဖွဲ့ Flying Focus Drone Force(FFDF)တို့ဖြစ်တယ်လို့ ဆိုပါတယ်။
အထူးတိုင်းစစ်ဌာနရဲ့ ကွပ်ကဲမှုခံယူဖို့ ထပ်မံဖွဲ့စည်းတင်ပြထားတဲ့ တပ်ရင်း(၄)ရင်းနဲ့ ဒရုန်းတပ်ဖွဲ့ (၂)ဖွဲ့ရှိတဲ့အထဲ PDF စစ်ရုံးချုပ်ကနေ စိစစ်လက်ခံပြီး အတည်ပြုဖွဲ့စည်းတာလို့ ဖော်ပြထားပါတယ်။
ဒီလိုဖွဲ့စည်းတာဟာ PDF စစ်ရုံးချုပ်ရဲ့ လမ်းညွှန်ချက်တွေ၊ အထူးတိုင်းစစ်ဌာနရဲ့ ရည်မှန်းချက်အပြင် CoC (၂)ရပ်နဲ့အညီ ခိုင်မာအားကောင်းတဲ့ တိုင်းစစ်ဌာနတခုဖြစ်ဖို့လို့ ရေးသားထားပါတယ်။
ဒါ့အပြင် မြန်မာ့နွေဦးတော်လှန်ရေး အမြန်ဆုံး အဆုံးသတ်အောင်မြင်ဖို့ လိုအပ်တဲ့ အခြေအနေကောင်းတွေ ဖန်တီးတည်ဆောက်ရာမှာ အင်အားသစ်တွေ စုစည်းခိုင်မာဖို့က အဓိကအကျဆုံးလို့ ပြောဆိုထားပါတယ်။
အခုအခါ အထူးတိုင်းစစ်ဌာနမှာ နည်းဗျူဟာ (၅)ခုရှိပြီး တရားဝင်ကွပ်ကဲမှုခံယူထားတဲ့ တိုက်ခိုက်ရေးတပ်ရင်း (၁၁)ရင်း၊ ရန်ကုန် ပဲခူး မွန် ပကဖ တိုက်ခိုက်ရေးစစ်ကြောင်း (၃)ကြောင်းနဲ့ ဒရုန်းလက်ရုံးတပ်ဖွဲ့ (၅)ဖွဲ့ရှိတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။








