ဇန်နဝါရီလ (၁)ရက်။
ပြီးခဲ့တဲ့လထဲ ဝက်လက်နယ်အရှေ့ခြမ်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်တာ (၁၄)ကြိမ်အထိ ရှိခဲ့တယ်လို့ Wetlet information network ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ဝက်လက်အရှေ့ခြမ်းမှာ ဒီဇင်ဘာလထဲကို စစ်တပ်က ဂျက်ဖိုက်တာတွေ၊ အသေခံဒရုန်းတွေနဲ့ လေကြောင်းတိုက်ခိုက်တာ (၁၄)ကြိမ်ရှိတယ်။ အဲ့ဒီဂျက်ဖိုက်တာတွေ အသေခံဒရုန်းတွေက တံတားဦးတက်၊ မိတ္ထီလာတက်နဲ့ ကျောက်မြောင်း ခမရ(၁၂) ခွေးခြံတက်တွေက” လို့ ဆိုပါတယ်။
ဝက်လက်အရှေ့ခြမ်းကို စစ်တပ်က ဒီဇင်ဘာလ (၂)ရက်၊ (၁၃)၊ (၁၆)၊ (၁၇)၊ (၁၈)၊ (၁၉)၊ (၂၃)၊ (၂၄)အပြင် (၂၇)ရက်နေ့မှာ (၂)ကြိမ်၊ (၂၉)၊ (၃၀)ရက်မှာ (၂)ကြိမ်နဲ့ (၃၁)ရက်နေ့တို့မှာ လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။
အခုလို စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် သံဃာ(၂)ပါး ပျံလွန်တော်မူခဲ့သလို အရပ်သားပြည်သူ (၂၆)ဦး သေဆုံးကာ (၄၀)ကျော် ဒဏ်ရာရပြီး နေအိမ်တွေနဲ့ ကားတွေ မီးလောင်ပျက်စီးခဲ့ရတယ်လို့ ရေးသားထားပါတယ်။
နောက်ပြီး ဝက်လက်နယ်အရှေ့ခြမ်းမှာ စစ်တပ်စစ်ကြောင်း (၂)ခုရှိပြီး မင်းကွန်းကလာတဲ့ အင်အား (၁၅၀)ခန့်ပါ စစ်တပ်စစ်ကြောင်းဟာ မင်းရွာတောင်ရွာထဲ ရောက်နေတယ်လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် ကျောက်မြောင်း ခမရ(၁၂)ကလာတဲ့ အင်အား(၂၀၀)ခန့်ပါ စစ်တပ်စစ်ကြောင်းဟာ ရွာသစ်ရွာထဲ ရောက်ရှိနေတာကြောင့် ကျေးရွာ (၂၀)နီးပါးက ပြည်သူတွေ စစ်ဘေးရှောင်နေရတယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲ့ဒီရွာတွေဟာ ထုံးဘို၊ ရှားကွဲ၊ ရေဂမိုး၊ ရွာသစ်၊ လှေပို့ဆိပ်၊ သစ်ဆိပ်၊ ကူကြီး၊ ငါးပတ်ချောင်း၊ သရက်ပင်ရွာ၊ ရေလယ်မော်၊ မှော်ဦး၊ ကမ်းဖြူ၊ ရွာသာ၊ မင်းရွာတောင်၊ အင်ဒေါင်း၊ ရှိန်းမကား၊ ငါးရယ်၊ ဆည်တောနဲ့ ငါးတိုက်တောင် စတဲ့ရွာတွေလို့ သိရပါတယ်။












