ဇန်နဝါရီလ (၅)ရက်။
မနေ့က နေ့လယ် (၂)နာရီခန့်က ဆားလင်းကြီးမြို့အနောက်ခြမ်းရှိ တိုက်နယ်ဆေးရုံကို စစ်တပ်က ဂိုင်ရိုကော်ပတာနဲ့ လေကြောင်းဗုံးကြဲခဲ့တယ်လို့ နွေဦးရောင်နီ သတင်းမှန်ပြန်ကြားရေးထံက သိရပါတယ်။
“ နမခဘက်ကတက်လာတဲ့ ဂိုင်ရိုကော်ပတာ (၃)စီးနဲ့ ဆားလင်းကြီးအနောက်ခြမ်း မတောင့်တတိုက်နယ်ဆေးရုံကို ဗုံး(၃)ကြိမ်ကြဲသွားတာ။ ကြဲသွားတဲ့နေရာက စားဖိုဆောင်ပေါ်ကို ကျသွားတာ။ လူနာတွေတော့ ထိခိုက်တာမရှိဘူး” လို့ ဆိုပါတယ်။
ဆားလင်းကြီးမြို့အနောက်ခြမ်းရှိ မတောင့်တတိုက်နယ်ဆေးရုံကို စစ်တပ်ရဲ့ နမခဌာနချုပ်ကနေ ဂိုင်ရိုကော်ပတာ (၃)စီးနဲ့ ဗုံး (၃)ကြိမ် ကြဲချသွားခဲ့တာဖြစ်ပြီး ဆေးရုံရဲ့ စားဖိုဆောင်ပေါ်ကို ကျရောက်ခဲ့တာလို့ သိရပါတယ်။
အဲ့ဒီလေကြောင်းဗုံးကြဲတဲ့ဖြစ်စဉ်ထဲ CDM ဆရာဝန်တဦးအပါအဝင် ချက်ပြုတ်ပေးနေတဲ့ အဘိုးအိုတဦးနဲ့ (၁၃)နှစ်အရွယ် ကလေးတဦး ထိမှန်သေဆုံးခဲ့ပြီး လူနာတွေ ထိခိုက်တာမရှိဘူးလို့ သူက ဆက်ပြောပါတယ်။
နောက်ပြီး ဒီကနေ့ နေ့လယ်ပိုင်းအချိန်ကလဲ သေဆုံးခဲ့တဲ့ CDM ဆရာဝန်ရဲ့ ဈာပနပြုလုပ်တဲ့ ယင်းမာပင်နယ်ဘက်ကို စစ်တပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲခဲ့သေးတယ်လို့ သိရပါတယ်။
အခုလို စစ်တပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲခဲ့တဲ့ အခြေအနေ အသေးစိတ်ကိုတော့ နယ်မြေမရှင်းလင်းရသေးတာကြောင့် ထိခိုက်တဲ့အခြေအနေကိုတော့ တိတိကျကျ မသိရသေးဘူးလို့ ဆိုပါတယ်။
အခုနှစ်စပိုင်းမှာ စစ်တပ်က ဆားလင်းကြီးမြို့အပါအဝက် စစ်ကိုင်းတိုင်းရှိ မြို့နယ်တွေကို လေကြောင်း တိုက်ခိုက်တာတွေကြောင့် အရပ်သားသေဆုံးသူ (၁၂)ဦးအထိရှိခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။









