ဖေဖေယ်ဝါရီလ (၂၃)ရက်။
အင်းလေးဒေသ မဟာမိတ်တော်လှန်ရေးအင်အားစုတွေ စုပေါင်းပြီး အင်းလေးဒေသလွတ်မြောက်ရေးအဖွဲ့(IRLO)ကို ဖွဲ့စည်းခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဒီကနေ့ မြန်မာ့နွေဦးတော်လှန်ရေးရဲ့ အရှိန်အဟုန်ဟာ အဆုံးအဖြတ်ပေးမယ့်အဆင့်ကို ရောက်ရှိလာတာနဲ့အတူ အင်းလေးဒေသထဲက တော်လှန်ရေးအင်အားစုတွေပါဝင်တဲ့ IRLO အနေနဲ့ အဆင့်မြှင့်တင် ပြင်ဆင်ဖွဲ့စည်းတာလို့ ဆိုပါတယ်။
ပြင်ဆင်ဖွဲ့စည်းတဲ့ IRLO မှာ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(IPDF)၊ အင်းလေးအမျိုးသမီးသမဂ္ဂ(IWU)၊ အင်းလေးဖက်ဒရယ်ဒီမိုကရေစီလှုပ်ရှားမှု(IFDM)၊ ညောင်ရွှေမြို့နယ်ပညာရေးဘုတ်အဖွဲ့(Boe-Nyaung Shwe)နဲ့ အင်းလေးဆေးအဖွဲ့(IMT)အပြင် အင်းလေးလူထုလှုပ်ရှားမှုအဖွဲ့(IPM)တို့ စုပေါင်းပါဝင်တယ်လို့ ဖော်ပြထားပါတယ်။
IRLO အနေနဲ့ အင်းလေးဒေသထဲရှိ အင်းသား၊ တောင်ရိုး၊ ရှမ်း၊ ပအိုဝ်း စတဲ့ တိုင်းရင်းသားညီအကိုတွေအားလုံး တန်းတူပါဝင်ခွင့်ရှိတဲ့ မိမိတို့ဒေသရဲ့ ကံကြမ္မာ မိမိတို့ကိုယ်တိုင် ဖန်တီးစီမံနိုင်တဲ့ ဒေသန္တရအုပ်ချုပ်ရေးကို တည်ဆောက်သွားမယ်လို့ ရေးသားထားပါတယ်။
နောက်ပြီး စစ်အာဏာရှင်စနစ်ကို မြန်မာ့မြေပေါ်ကနေ အပြီးတိုင် မောင်းထုတ်ပြီး စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ထွန်းလာတဲ့အထိ ရပ်တည်တိုက်ပွဲဝင်သွားမယ်လို့ အသိပေးထားပါတယ်။
ဒါ့အပြင် အင်းလေးဒေသနဲ့ ထိုက်တန်တဲ့ တန်းတူညီမျှမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုနဲ့ လူ့အခွင့်အရေးပြည့်ဝမှုကို အခြေခံပြီး တည်ဆောက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
သယံဇာတ ထုတ်ယူသုံးစွဲတာထက် အသိပညာ၊ အတတ်ပညာနဲ့ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုကို အဓိကမဏ္ဍိုင်ပြုတဲ့ ခေတ်မီဒေသတခု ဖော်ဆောင်ပြီး ပျက်စီးနေတဲ့ အင်းလေးကန်ကို ပြန်လည်ကုစားကာ သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့စေဖို့ အစွမ်းကုန် ကြိုးပမ်းသွားမယ်လို့ အသိပေးထားပါတယ်။
ဒါ့ကြောင့် ဒေသထဲရှိ ပြည်သူတွေနဲ့ ပြည်နယ်ထဲနေထိုင်တဲ့ အင်းလေးသားတွေ၊ နိုင်ငံတကာရောက် အင်းလေးဒေသဖွားအားလုံးအနေနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ လွတ်မြောက်မှုအတွက် လက်တဲပါဝင်ဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။








