မတ်လ (၂၇)ရက်။
မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့ စကမရဲ့ မကွေးလေတပ်စခန်းထဲကို (၁၀၇)မမ ရှော့တိုက်ဒုံး (၁၁)လုံး ပစ်ခတ်တာမှာ (၁၁)လုံးစလုံးကို အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ပါတယ်” လို့ ဆိုပါတယ်။
အခုအခါ ဆီ အခက်အခဲတွေ့နေချိန်မှာတောင် အပြစ်မဲ့ပြည်သူနဲ့ တော်လှန်ရေးအင်အားစုတွေကို ပြင်းပြင်းထန်ထန် ဆက်လက်တိုက်ခိုက်နေတဲ့ လေယာဉ်တွေ အဓိကရပ်နားတဲ့ မကွေးလေတပ်စခန်းကို တိုက်ခိုက်တာဟာ ပြည်သူကိုယ်စား တန်ပြန်ရာရောက်သလို အညာတော်လှန်ရေးကိုလဲ အားဖြည့်ရာရောက်တာကြောင့် တိုက်ခိုက်တာလို့ ဖော်ပြထားပါတယ်။
မကွေးလေတပ်ထဲ ရှော့တိုက်ဒုံးတွေ ကျရောက်ပေါက်ကွဲတာတွေနဲ့ ညသန်းခေါင်အချိန်မှာ ဆေးရုံကား ဝင်ထွက်သံတွေ ကြားရတယ်လို့ ဒေသခံတွေက အတည်ပြုထားကြပါတယ်။
အဲ့ဒီစစ်ဆင်ရေးထဲ မကွေးလေတပ်မှာ သိုလှောင်ထားတဲ့ ဗုံးသီးတွေကို တိုက်ရိုက်မထိခိုက်တာကြောင့် ပေါက်ကွဲတာ မရှိသေးပေမယ့် ပုံမှန်မဟုတ်တော့ဘဲ အချိန်မရွေး ပေါက်ကွဲနိုင်တာကြောင့် အထူးအဖွဲ့နဲ့ ဆက်လက်စစ်ဆေးနေတယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် ကမ္ဘာ့ဆီ အခက်အခဲကြောင့် အကျပ်ရိုက်နေတဲ့ စစ်ကော်မရှင်ရဲ့ လေတပ်တွေကို ပိုမိုအင်အားချိနဲ့အောင် အဘက်ဘက်ကနေ တော်လှန်ရေးအင်အားစုတွေ ဝိုင်းဝန်းကြိုးပမ်းကြဖို့ ထည့်သွင်းတိုက်တွန်းထားပါတယ်။
အခုလို လေတပ် အကြပ်ရိုက်ချိန် အခွင့်ကောင်းယူပြီး တော်လှန်ရေး အရွေ့ကြီးကြီးဖြစ်ဖို့ BWM နဲ့ မဟာမိတ်တွေအနေနဲ့လဲ တော်လှန်ရေးဘက်တော်သားတွေနဲ့အတူ ဆက်လက်ကြိုးစားသွားမယ်လို့ ပြောဆိုထားပါတယ်။
အဲ့ဒီစစ်ဆင်ရေးကို BWM အဖွဲ့က ဦးဆောင်ပြီး No More Dictatorship(NMD-PDF)၊ Infinity (အညာ)အဖွဲ့နဲ့ Justice Brothers Force အဖွဲ့တို့ဟာ ဒေါင်းစစ်အောင်အဖွဲ့ ၊မြိုင်ပကဖအဖွဲ့တို့နဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။








