မတ်လ (၂၇)ရက်။
ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
“ တပ်မတော်နေ့ အခမ်းအနားပြီးဆုံးတဲ့နောက်ပိုင်းမှာ တပ်မတော်ရဲ့ ခေါင်းဆောင်ပိုင်းအပြောင်းအလဲတွေ ဖြစ်ပေါ်လာမှာဖြစ်ပြီး ဘယ်သူ ဦးဆောင်တာဖြစ်ပါစေ တပ်မတော်အနေနဲ့ ခေါင်းဆောင်အစဉ်အဆက် ချမှတ်ထားတဲ့ မူဝါဒအတိုင်း ဆက်လက်လျှောက်လှမ်းမှာဖြစ်ပါတယ်” လို့ ပြောဆိုခဲ့တာကို One News သတင်းဌာနက ဖော်ပြထားပါတယ်။
မကြာခင် စစ်တပ်ရဲ့ တရားမဝင်ရွေးကောက်ပွဲနဲ့ အတုအယောင် လွှတ်တော်ကနေ ပေါ်ပေါက်လာမယ့် အစိုးရအဖွဲ့ရဲ့ သမ္မတနဲ့ ဒုသမ္မတတွေ ရွေးချယ်တင်မြှောက်မှာဖြစ်သလို စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲဖြစ်ပေါ်မယ်လို့ သိရပါတယ်။
ဒီလို စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်းတွေ အပြောင်းအလဲဖြစ်မယ်ဆိုပေမယ့် ဘယ်သူ ဦးဆောင်တာဖြစ်ပါစေ ခေါင်းဆောင်အစဉ်အဆက် ချမှတ်ထားတဲ့ မူဝါဒအတိုင်း ဆက်လက်လျှောက်လှမ်းမယ်ဆိုပြီး သူက ပြောဆိုခဲ့ပါသေးတယ်။
စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲဖြစ်ပေါ်ဖို့ရှိတာကို ဒုစစ်ခေါင်းဆောင် စိုးဝင်းက မနေ့က နေပြည်တော်မှာ စစ်ရေးပြအခမ်းအနားတက်မယ့် အငြိမ်းစားစစ်တပ်အရာရှိတွေနဲ့ ဇနီးတွေကို တွေ့ဆုံချိန် ပြောဆိုခဲ့တာဖြစ်ပါတယ်။
တဖက်မှာလဲ တပ်မတော်နေ့အခမ်းအနားကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နောက်ဆုံးအကြိမ်အနေနဲ့ တက်ရောက်ဖို့ရှိပြီး သူကိုယ်တိုင်စီမံထားတဲ့ အစိုးရအဖွဲ့မှာ သမ္မတရာထူးကို ရယူဖို့ စီစဉ်နေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။
ဒါ့အပြင် စစ်တပ်ပိုင်းမှာ မင်းအောင်လှုင်ရဲ့ တပ်ချုပ်နေရာကို ဆက်ခံမယ့်သူတွေဟာ ဒုစစ်ခေါင်းဆောင် စိုးဝင်းအပြင် ရဲဝင်းဦး၊ ကျော်စွာလင်းနဲ့ မောင်မောင်အေးတို့ဆိုပြီး သုံးသပ်ထားကြတယ်လို့လဲ သိရပါတယ်။








