နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 15 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဗင်နီဇွဲလား

ဖုန်းစစ်ဆေးခံရမည်ကို စိုးရိမ်သောကြောင့် ဖုံးတွင်ကုဒ်များဖြင့် ပြောဆိုခြင်းနှင့် ရေးသားချက်များကို ဖျက်ပစ်ခြင်းဖြင့် ဗင်နီဇွဲလားနိုင်ငံသားများ အသုံးပြုနေသည့် နည်းဗျူဟာများ

CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်

“မေမေ၊ ချတ် (Chat) တွေကို ဖျက်လိုက်တော့။”

“သားရယ်၊ အဲဒါတွေက မှတ်တမ်းတင်ခံရတာမျိုး ဖြစ်လိမ့်မယ်။”

“အပြင်မထွက်ခင် ပြောထားတဲ့ စကားတွေကို ဖျက်ထားလိုက်ပါဦး။”

အထက်ပါပြောဆိုချက်များသည် လက်တုံ့ပြန်ခံရမည်ကို စိုးရိမ်သဖြင့် အမည်မဖော်လိုသည့် ဗင်နီဇွဲလား မိသားစုတစ်စု၏ မကြာသေးမီက WhatsApp မက်ဆေ့ဂျ်များသည် အစိုးရမှ အတိုက်အခံတို့၏ ပြောဆိုမှုများကို နှိမ်နင်းမှု တိုးမြှင့်လာသည်နှင့်အမျှ အရပ်သားများ အနေဖြင့် ၎င်းတို့၏ နေ့စဉ်စကားပြောဆိုမှုများ၊ လူမှုကွန်ရက်နှင့် စာတိုပေးပို့မှုများတွင် မည်မျှအထိ သတိထားနေကြရသည်ကို မီးမောင်းထိုးပြနေသည်။

သမ္မတ နီကိုးလပ်စ် မာဒူရို (Nicolás Maduro) ဖမ်းဆီးခံခဲ့ရသည့် ကာရာကပ်စ်ရှိ အမေရိကန် ၏ တိုက်ခိုက်မှုအပြီး အာဏာပိုင်များက အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီးနောက်၊ အစိုးရကို ဝေဖန်သည့် နိုင်ငံရေးအကြောင်းအရာများ ပါဝင်ခြင်း ရှိ၊ မရှိ အရပ်သားများ၏ ဖုန်းများကို ရှာဖွေစစ်ဆေးသည့် သတင်းများ ပိုမိုများပြားလာသည်။

နိုင်ငံရေး တင်းမာမှုများကြားတွင် အမျိုးသား လုံခြုံရေးအတွက် လိုအပ်သည်ဟုဆိုကာ မြို့တော်နှင့် နိုင်ငံ၏ အခြားနေရာများတွင် စစ်ဆေးရေးဂိတ်များကို ပိုမိုချထားသည်။ အချို့မှာ လုံခြုံရေးဇုန်များ သို့မဟုတ် အစိုးရဌာနများအနီးတွင် ပုံသေသတ်မှတ်ထားသော်လည်း အချို့မှာမူ ရွေ့လျားစစ်ဆေးရေးဂိတ်များ ဖြစ်သည်။ ရဲအရာရှိများသည် ယာဉ်မောင်းများကို တားဆီးကာ မည်သည့်နေရာသို့ သွားမည်ကို မေးမြန်းခြင်း၊ ကားများကို ရှာဖွေခြင်းနှင့် ၎င်းတို့၏ လက်ကိုင်ဖုန်းများကို မကြာခဏ စစ်ဆေးခြင်းများ ပြုလုပ်ကြသည်။

ဖုန်းများကို စစ်ဆေးခြင်းမှာ အသစ်အဆန်းမဟုတ်သော်လည်း၊ ဇန်နဝါရီ ၃ ရက်နေ့ အမေရိကန်၏ တိုက်ခိုက်မှုအပြီး အစိုးရ၏ အရေးပေါ်အမိန့် ထုတ်ပြန်ကတည်းက ဤလုပ်ရပ်များ ပိုမိုများပြားလာကြောင်း CNN မှ စုဆောင်းရရှိထားသည့် သက်သေထွက်ဆိုချက်များက ဖော်ပြနေသည်။

အဆိုပါ အမိန့်သည် အာဏာပိုင်များအား ထူးခြားသည့် အစီအမံများ ချမှတ်ခွင့် ပေးထားသော်လည်း ဆက်သွယ်ရေးဆိုင်ရာ လုံခြုံမှုကဲ့သို့သော နိုင်ငံသားများ၏ အခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို ကန့်သတ်ခြင်း ရှိ၊ မရှိ သို့မဟုတ် မည်မျှအထိ စစ်ဆေးနိုင်သည်ဟူသော အသေးစိတ် အချက်အလက်များကိုမူ ဖော်ပြထားခြင်း မရှိပေ။

အခြားတစ်ဖက်တွင်မူ ဗင်နီဇွဲလား ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၈ တွင် “ မည်သည့် ပုံစံဖြင့်မဆို ပုဂ္ဂလိက ဆက်သွယ်ရေး၏ လျှို့ဝှက်ချက်ကိုမချိုးဖောက်ရဟု အာမခံထားသည်” ဟု ပြတ်ပြတ်သားသား ဖော်ပြထားသည်။ သက်ဆိုင်ရာ တရားရုံး၏ အမိန့်မပါဘဲ ၎င်းတို့ကို ကြားဖြတ်နှောင့်ယှက်ခြင်း မပြုနိုင်ပေ။

သို့သော်လည်း မကြာသေးမီ အပတ်များအတွင်း ၎င်းတို့၏ ဖုန်းများ အစစ်ဆေးခံခဲ့ရသည့် ဗင်နီဇွဲလား နိုင်ငံသား အများအပြားနှင့် CNN က စကားပြောဆိုခဲ့သည်။ ထို့ကြောင့် လူအများအပြားသည် ကုဒ်များဖြင့် ပြောဆိုခြင်း၊ နိုင်ငံရေးခေါင်းဆောင်များ၏ အမည်ကို ရှောင်ရှားခြင်း၊ ဖုန်းအတွင်းရှိ အကြောင်းအရာများကို အမြဲတမ်း ဖျက်ပစ်ခြင်းနှင့် WhatsApp Group များတွင် သဘောထားမှတ်ချက် ပေးရန် ငြင်းဆိုခြင်းများ ပြုလုပ်နေကြသည်။

‘WhatsApp ပေါ်မှာ ပြောတာတွေကို သတိထားနေရတယ်’

မာဒူရိုကို အမေရိကန်က ဖမ်းဆီးပြီးကတည်းက သာမန် ဗင်နီဇွဲလား နိုင်ငံသားများ၏ နေ့စဉ် ဘဝသည် မရေရာမှုများဖြင့် ပြည့်နှက်နေသည်။

နိုင်ငံကို မည်သူက အုပ်ချုပ်နေသည်ဆိုသည်မှာ ရှင်းရှင်းလင်းလင်း မရှိသေးပေ။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဗင်နီဇွဲလားကို ၎င်းက “ စီမံခန့်ခွဲနေသည်” ဟု ပြောကြား ထားသော် လည်း၊ မာဒူရို၏ ဒုတိယသမ္မတဟောင်းနှင့် လက်ရှိ ယာယီသမ္မတ ဒဲလ်စီ ရိုဒရီဂွက်ဇ် (Delcy Rodríguez) ကမူ သူမအနေနှင့် အမေရိကန်၏ အမိန့်ပေးမှုများကို “ တော်လောက်ပြီ” ဟု တန်ပြန်တွန်းလှန် တုံ့ပြန် ထားသည်။

သို့သော် သူမအနေဖြင့် သူမ၏ အုပ်ချုပ်မှုကို တရားဝင်ဖြစ်စေမည့် ရွေးကောက်ပွဲ ကျင်းပရန် အစီအစဉ် ရှိ၊ မရှိ လက္ခဏာ မတွေ့ရသေးပေ။ တစ်ချိန်တည်းမှာပင် စီးပွားရေးမှာ အကျပ် အတည်း ဖြစ်နေဆဲဖြစ်ပြီး အခြေခံစားသောက်ကုန် ဈေးနှုန်းများမှာ နေ့စဉ်နှင့်အမျှ အတက် အကျ ရှိနေသည်။

အစိုးရကို ဝေဖန်သူဟု ယူဆနိုင်သည့် မည်သူမဆိုအတွက် သေချာသည့် အချက်တစ်ချက်မှာ လမ်းမပေါ်သို့ ထွက်သည့်အခါ သတိထားရန် လိုအပ်ခြင်းပင် ဖြစ်သည်။

“ဒီနေ့မွန်းလွဲပိုင်းမှာ ရပ်ကွက်ကောင်စီက ထုတ်ပြန်ချက်တစ်ခု ရခဲ့ပါတယ်။ WhatsApp နဲ့ စာရေးသားတဲ့အခါမှာ သတိထားဖို့ သူတို့က အကြံပြုထားပါတယ်” ဟု CNN မှ တွေ့ရှိ ခဲ့သည့် အဖွဲ့လိုက် မက်ဆေ့ဂျ်တစ်ခုတွင် ဖော်ပြထားသည်။

အခြား မက်ဆေ့ဂျ်တစ်ခုမှာ ပြည်ပရောက် မိသားစုဝင်တစ်ဦးက ဗင်နီဇွဲလားသို့ ပြန်လာ ချင်ကြောင်း ရေးသားထားခြင်း ဖြစ်သည်။ ဆွေမျိုးဖြစ်သူက “ အခုအချိန်မှာ အခြေအနေ တွေက ရှုပ်ထွေးနေတယ်” ဟုဆိုကာ မလာရန် ပြန်လည် ဖြေကြားထားသည်။

မည်သို့ပင်ဖြစ်စေ ခရီးသွားမည်ဟု အတင်းအကျပ် ပြောဆိုနေသော အခြား မိသားစုဝင် တစ်ဦးကိုမူ လူမှုကွန်ရက် အကောင့်များကို ဖျက်ပစ်ရန်နှင့် Google အကောင့်အသစ်တစ်ခု ဖွင့်ရန် အကြံပြုထားသည်။ CNN မှ အတည်ပြုနိုင်ချက်အရ နိုင်ငံအတွင်းသို့ ဝင်ရောက် လာသူများ၏ ဖုန်းများကိုလည်း လေဆိပ်သို့ ရောက်ရှိချိန်တွင် စစ်ဆေးလျက်ရှိသည်။

အခြားနိုင်ငံများရှိ မိသားစုများသည်လည်း ဗင်နီဇွဲလားရှိ ၎င်းတို့၏ ဆွေမျိုးများနှင့် ဆက်သွယ် ရာတွင် နိုင်ငံရေး စကားပြောဆိုမှုများကို ရှောင်ကြဉ်ကြပြီး ကုဒ်စကားလုံးများကို အသုံးပြုကြ ကြောင်း CNN ကို ပြောကြားခဲ့သည်။

ရေရှည်တည်ရှိနေသော အခြေအနေ

မာဒူရို အာဏာမပြုတ်ခင်ကပင် ပုံမှန် စစ်ဆေးရေးဂိတ်များသည် အရပ်သားများအတွက် အိမ်မက်ဆိုးများ ဖြစ်ခဲ့သည်။

ယမန်နှစ် ဧပြီလက စားဖိုမှူးတစ်ဦး တွေ့ကြုံခဲ့ရသည့် အဖြစ်အပျက်မှာ ယင်းသို့ပင် ဖြစ်သည်။ လက်တုံ့ပြန်ခံရမည်ကို စိုးရိမ်သဖြင့် အမည်မဖော်လိုသည့် ထိုစားဖိုမှူးက သူအလုပ်သွားရန် အိမ်မှထွက်လာစဉ် ကာရာကပ်စ် အနောက်ဘက်ရှိ တံတားတစ်ခုအနီးတွင် SEBIN ထောက်လှမ်းရေး အေးဂျင့်တစ်ဦးက သူ့ကို တားဆီးခဲ့သည်ဟု ဆိုသည်။

၎င်းတို့သည် စာရွက်စာတမ်း သို့မဟုတ် မှတ်ပုံတင်ကိုပင် မစစ်ဆေးခဲ့ပေ။ ပထမဆုံး မေးခွန်းမှာ သူ၏ အလုပ်အကိုင်အကြောင်း ဖြစ်ပြီး “ စားဖိုမှူးချုပ်ပါ” ဟု သူက ဖြေကြား ခဲ့သည်။ ဒုတိယ မေးခွန်းမှာမူ နိုင်ငံရေးဘက်သို့ တိုက်ရိုက် ဦးတည်သွားသည်။ အစိုးရကို ဆန့်ကျင် ဆန္ဒပြသူများကို ခေါ်ဝေါ်သည့် ရုန့်ရင်းသော အသုံးအနှုန်းဖြစ်သည့် “ မင်းက ဂွာရင်ဘာရို (guarimbero) လား” ဟု မေးမြန်းခဲ့သည်။ သူက စားဖိုမှူးတစ်ဦးသာ ဖြစ်ကြောင်း နှင့် စားဖိုမှူးချုပ်အဖြစ် အလုပ်လုပ်ကိုင်ကြောင်းသာ အခိုင်အမာ ပြန်လည် ဖြေကြားခဲ့သည်။

သူသည် မကြာသေးမီကမှ ဖခင်ဖြစ်လာသူ ဖြစ်ကြောင်းနှင့် အလုပ်သွားပြီးလျှင် သမီးလေးကို တွေ့ရန် အိမ်သို့ အမြန်ပြန်လိုကြောင်း အေးဂျင့်ကို ပြောပြခဲ့သည်။ သို့သော် လွှတ်ပေးမည့် အစား ၎င်းတို့က သူ၏ ကားနှင့် လက်ကိုင်ဖုန်းကို စစ်ဆေးမည်ဟု ပြောခဲ့သည်။

ဖုန်းကို lock ဖွင့်ခိုင်းပြီးနောက် chat ရှာဖွေမှုတွင် guarimba (လမ်းပေါ်ထွက် ဆန္ဒပြမှု)၊ Diosdado Cabello (ဗင်နီဇွဲလား ပြည်ထဲရေးဝန်ကြီး) နှင့် Nicolás Maduro ကဲ့သို့သော အမည်များကို ရိုက်ထည့်ကာ ရှာဖွေခဲ့ကြသည်။

သူ့သူငယ်ချင်း အများအပြားမှာ အလားတူ အခြေအနေမျိုး ကြုံတွေ့ခဲ့ရဖူးသဖြင့် သူသည် နိုင်ငံရေးဆိုင်ရာ အကြောင်းအရာမှန်သမျှကို ဖတ်ပြီးလျှင် ဖျက်ပစ်သည့် အလေ့အကျင့် ရှိသည်။ သို့သော် သူ၏ ဓာတ်ပုံပြခန်း (Gallery) ထဲတွင် အတိုက်အခံခေါင်းဆောင် မာရီယာ ကိုရီနာ မာချာဒို (María Corina Machado) နှင့် တွဲရိုက်ထားသည့် ဓာတ်ပုံတစ်ပုံ ရှိနေခဲ့သည်။

အာဏာပိုင်များက WhatsApp ရှာဖွေမှုတွင် “ Maduro” ဟု ရိုက်ထည့်လိုက်သောအခါ (စပိန်ဘာသာစကားဖြင့် maduro သည် ‘မှည့်သော’ ဟု အဓိပ္ပာယ်ရသဖြင့်) ငှက်ပျောသီးမှည့် သို့မဟုတ် ခရမ်းချဉ်သီးမှည့် ချက်ပြုတ်နည်းများသာ ပေါ်လာခဲ့သည်။ ဓာတ်ပုံပြခန်းတွင် လည်း ဟင်းလျာဓာတ်ပုံများနှင့် သူ၏ သမီးပုံများကိုသာ တွေ့ရှိခဲ့ကြသည်။

ခြိမ်းခြောက်သည့် စကားလုံးများနှင့် သံသယဖြစ်ဖွယ် မေးခွန်းများကြားတွင် ထိုသို့ အသေး စိတ် ရှာဖွေမှုမှာ တစ်နာရီခန့် ကြာမြင့်ခဲ့သည်။ ကားကို စစ်ဆေးနေစဉ် အရာရှိတစ်ဦးက သူ၏ ထရပ်ကားထဲရှိ ဆိုင်ကယ် အပိုပစ္စည်းတစ်ခုကို စိတ်ဝင်စားနေသဖြင့် “ ယူထားလိုက်ပါ၊ ကျွန်တော့်မှာ ဆိုင်ကယ်တောင် မရှိတော့ပါဘူး” ဟု ဆိုကာ အခြေအနေကို အဆုံးသတ်ရန် ကြိုးစားခဲ့ရသည်။ ထို့နောက်မှသာ သူ့ကို သွားခွင့်ပြုခဲ့သည်။

ထွက်ခွာလာစဉ် နောက်ကြည့်မှန်မှ ကြည့်လိုက်ရာ အခြားကားများလည်း အစစ်ဆေးခံရန် တန်းစီစောင့်ဆိုင်းနေသည်ကို သူ မြင်တွေ့ခဲ့ရသည်။

ထိုအတွေ့အကြုံကြောင့် သူသည် ယခုအခါ နိုင်ငံရေး စကားပြောဆိုမှုများကို လုံးဝ ရှောင်ကြဉ်တော့သည်။ အကယ်၍ ထိုအကြောင်းအရာနှင့် ပတ်သက်သည့် မက်ဆေ့ဂျ်တစ်ခု လက်ခံရရှိပါက အကြောင်းအရာ ပြောင်းပြောရန် တောင်းဆိုပြီး စာတိုများကို ချက်ချင်း ဖျက်ပစ်လေ့ရှိသည်။ စစ်ဆေးရေးဂိတ်များ ပိုမိုများပြားလာသောကြောင့် အထူးသဖြင့် ညဘက်တွင် တစ်ဦးတည်း အပြင်ထွက်ခြင်းကို ရှောင်ကြဉ်သည်။ ဆေးမင်ကြောင် (Tattoo) ရှိခြင်းသည်လည်း အရာရှိများ၏ အာရုံစိုက်မှုကို ပိုမိုရရှိစေသည်ဟု သူက ယူဆသည်။ ခြောက်လမပြည့်မီအတွင်း သူသည် သုံးကြိမ်တိုင်တိုင် အစစ်ဆေးခံခဲ့ရပြီး ဖြစ်သည်။

သတင်းထောက်တစ်ဦး၏ အတွေ့အကြုံ

ဒီဇင်ဘာလအတွင်း သတင်းထောက်တစ်ဦးလည်း အလားတူ အခြေအနေမျိုး ကြုံတွေ့ ခဲ့ရ သည်။ နေ့ခင်းကြောင်တောင်တွင် လုပ်ဖော်ကိုင်ဖက်များနှင့် ကော်ဖီသောက်ပြီးအပြန် ကာရာကပ်စ် အရှေ့ဘက်ရှိ El Bosque သို့ ဦးတည်မောင်းနှင်စဉ် ရဲစစ်ဆေးရေးဂိတ်တစ်ခုနှင့် တိုးခဲ့သည်။

စစ်ဆေးမှုမှာ ပုံမှန်အတိုင်း စာရွက်စာတမ်း၊ မှတ်ပုံတင်နှင့် ယာဉ်မောင်းလိုင်စင်များ တောင်းခံ ခြင်းဖြင့် စတင်ခဲ့သည်။ သို့သော် ထို့နောက်တွင် ၎င်းတို့က သူ၏ ပိုက်ဆံအိတ်ကို အာရုံစိုက် လာခဲ့သည်။ ပိုက်ဆံအိတ်ကို ဖွင့်လိုက်သောအခါ ခေါက်ထားသည့် စာရွက်ငယ်လေးတစ်ရွက် ကျလာပြီး လေထုမှာ ချက်ချင်း ပြောင်းလဲသွားသည်ဟု သူက ဆိုသည်။ အရာရှိများက သူသည် ဆေးခြောက် လက်ဝယ်ထားရှိသည်ဟု သံသယရှိကြောင်း ပြောဆိုကာ ပိုမို အသေးစိတ် စစ်ဆေးခဲ့ကြသည်။

အခြေအနေက ပိုမို တင်းမာလာသည်။ အရာရှိက သူ၏ ဖုန်းကို တောင်းယူကာ ချတ်များ ထဲတွင် ကုဒ်စကားလုံးများ၊ မူးယစ်ဆေး အသုံးပြုသည့် လက္ခဏာများ သို့မဟုတ် အပြစ်ရှိ စေမည့် အရာများကို ရှာဖွေခဲ့သည်။ ထိုသတင်းထောက်၏ ကားထဲတွင် မူးယစ်ဆေးဝါး လုံးဝ မရှိပေ။

ကံကောင်းထောက်မစွာဖြင့် အရာရှိများသည် သူ၏ အလုပ်အကိုင်ကို သတိမထားမိ ခဲ့ကြ သလို၊ သူ၏ အထက်လူကြီးများ သို့မဟုတ် သတင်းရင်းမြစ်များနှင့် ပြောဆိုထားသည့် နိုင်ငံရေး စကားလုံးများကိုလည်း ရှာမတွေ့ခဲ့ကြပေ။ သို့သော် တစ်နာရီခန့် ကြာမြင့်သည့် စစ်ဆေးမှုအတွင်း သူသည် အလွန်အမင်း ထိတ်လန့်ခဲ့ရသည်။ “ ကဲ၊ မင်း ဘာပဲဖြစ်ဖြစ် ကူညီချင်သလောက် ပေးခဲ့ပါဦး” ဟု အရာရှိက ပြောလိုက်သည့်အခါမှ အားလုံးပြီးဆုံး သွားကြောင်း သူ သိလိုက်ရသည်။ သူသည် ပိုက်ဆံအိတ်ထဲမှ ဒေါ်လာ ၅၀ တန် တစ်ရွက်ကို ပေးကမ်းခဲ့ပြီးမှ အိမ်သို့ ပြန်ခွင့်ရခဲ့သည်။

ထိုအဖြစ်အပျက်က သူ၏ နေ့စဉ် ဆုံးဖြတ်ချက်များအပေါ် သက်ရောက်မှု ရှိနေဆဲဖြစ်သည်။ သူသည် WhatsApp Group အတော်များများမှ ထွက်လိုက်ပြီး ဖုန်းထဲရှိ အကြောင်းအရာ များကို ခဏခဏ ဖျက်ပစ်သည်။ ယခုအခါ ညဘက်အပြင်ထွက်ခြင်းကို ရှောင်ကြဉ်ပြီး နေ့ဘက်တွင်ပင် လိုအပ်မှသာ အပြင်ထွက်တော့သည်။

ဖုံးကွယ်ထားသော တင်းမာမှုနှင့် ကြောက်ရွံ့မှု

ထိုအမျိုးသား နှစ်ဦးစလုံးက ၎င်းတို့အနေဖြင့် စစ်ဆေးရေးဂိတ်များနှင့် တွေ့ရခြင်းမှာ မအံ့ဩသော်လည်း၊ ဤကဲ့သို့သော လုပ်ရပ်များ ပိုမို စိတ်ပျက်စရာ ကောင်းလောက်အောင် များပြားလာခြင်းအပေါ် အံ့ဩမိသည်ဟု ဆိုကြသည်။

အရပ်သား အများအပြားသည် ဖုန်းစစ်ဆေးခံရမှုများကို လူမှုကွန်ရက်ပေါ်တွင် တိုင်ကြား နေကြပြီး၊ အချို့မှာ ခြိမ်းခြောက်ခံရခြင်း၊ ငွေညှစ်ခံရခြင်းနှင့် ဖမ်းဆီးခံရခြင်းများအထိ ရှိနေသည်။ အာဏာပိုင်များသည် “ invasion” (ကျူးကျော်မှု)၊ “ Trump” နှင့် “ Maduro” ကဲ့သို့သော စကားလုံးများကို ရှာဖွေကြသည်။ သို့သော် ရှာဖွေနေစဉ်အတွင်း ပုဂ္ဂိုလ်ရေး ဆိုင်ရာနှင့် လျှို့ဝှက်ချက်များပါ ပေါ်ထွက်သွားတတ်သဖြင့် ၎င်းမှာ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်ကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ဝေဖန်မှုများ ရှိနေသည်။

CNN အနေဖြင့် ဤစစ်ဆေးရေးဂိတ်များကို ကြီးကြပ်သည့် ပြည်ထဲရေးဝန်ကြီးဌာနသို့ ဆက်သွယ်ခဲ့သော်လည်း တစ်စုံတစ်ရာ တုံ့ပြန်မှု မရရှိသေးပေ။

သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို မာရာကိုင်ဘို (Maracaibo) မြို့တော်ဝန် ဂိမ်’ကာလို ဒီ မာတီနို(Giancarlo Di Martino) က ဇန်နဝါရီ ၁၇ ရက်တွင် ပြန်လည်ဖြေကြားရာ၌ ဖုန်း စစ်ဆေးခြင်းမှာ “ လုံးဝ တားမြစ်ထားသော အရာဖြစ်သဖြင့် အာဏာ အလွဲသုံးစား လုပ်သည့် မည်သည့်အရာရှိကိုမဆို တိုင်ကြားရမည်” ဟု ပြောကြားခဲ့သည်။

အချို့လူများမှာ ၎င်းတို့၏ ရပိုင်ခွင့်များကို ရှင်းရှင်းလင်းလင်း မသိကြပေ။ အချို့က သိသော်လည်း ၎င်းတို့၏ အခွင့်အရေးကို ကျင့်သုံးရန် ကြိုးစားပါက ဖမ်းဆီးခံရမည်ကို စိုးရိမ်နေကြသည်။

အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် Espacio Público က စစ်ဆေးမှုများနှင့် ကြုံတွေ့ရပါက လိုက်နာရန် အကြံပြုချက်များကို လူမှုကွန်ရက်တွင် မျှဝေထားသည်- အရာရှိအား ရှာဖွေခွင့်ပြုသည့် တရားရုံးအမိန့်ကို ပြသရန် တောင်းဆိုပါ၊ အမိန့်မပါရှိပါက အရာရှိ၏ အမည်နှင့် ဌာနကို မှတ်သားထားပါ၊ ဖြစ်နိုင်လျှင် သက်သေအနည်းဆုံး နှစ်ဦး ထားရှိပါနှင့် ဖုန်းအတွင်းရှိ အချက်အလက်များကို ကုဒ်စနစ် (Encrypted) ဖြင့် သိမ်းဆည်း ထားပါ စသည်တို့ ဖြစ်သည်။

ဇန်နဝါရီလအတွင်း ဗင်နီဇွဲလားနိုင်ငံ၊ ကာရာကပ်စ်မြို့ရှိ Miraflores နန်းတော်သို့ ဦးတည်သည့် လမ်းမပေါ်တွင် ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးယူနေစဉ်။(ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

CNN ၏ နောက်ဆုံးရရှိထားသော သတင်းအချက်အလက်များ

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 25 Views
၂၀၂၆ခုနှစ်၊ မတ်လ (၁၃)ရက် ထရမ့်အစိုးရ (Trump Administration) သည် အီရန်နှင့် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခတွင် ဟော်မုဇ်ရေလက် ကြား
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းစစ်ပွဲနှင့် လူသားတို့၏ ခံစားချက် – ကခုန်ခြင်းသည် ခုခံမှုတစ်ရပ်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 33 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၂ရက် ယူကရိန်းနိုင်ငံတွင် ၄ နှစ်ကြာ ကြမ်းတမ်းသော စစ်ပွဲဒဏ်ကို ခံစားနေရသော်လည်း၊ လူငယ်များ အတွက် ကခုန်ခြင်း (Raving) သည် ပျော်ပါးခြင်းသက်သက်မဟုတ်ဘဲ စိတ်ပိုင်း ဆိုင်ရာ ကုစားမှုနှင့် တော်လှန်မှုတစ်ရပ် ဖြစ်လာခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဆီယံ အီရန်

အိမ်မှအလုပ်လုပ်ခြင်း၊ တစ်ပတ်လျှင် ၄ ရက်အလုပ်လုပ်ခြင်းနှင့် ကျောင်းများပိတ်ခြင်း – စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် အာရှနိုင်ငံများ ရုန်းကန်နေရ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 38 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် အာရှနိုင်ငံများသည် မည်သည့်အခွင့်အရေးကိုမျှ အဆုံးရှုံးမဖြစ်ရန် ကြိုတင်ပြင်ဆင် နေကြ သည်။ အာရှဒေသသည် ၎င်း၏ ရေနံလိုအပ်ချက်၏ ၆၀% ခန့်ကို အရှေ့အလယ်ပိုင်း ဒေသမှ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်လာသည်နှင့်အမျှ လောင်စာဆီသိုလှောင်ကန်များနှင့် ရေနံတင်သင်္ဘောများ ပစ်မှတ်ထားခံနေရ –

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 36 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် လက်ရှိအခြေအနေများ အမေရိကန်-အစ္စရေးတို့နှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်ပျံ့နှံ့လာနေပြီဖြစ်သည်။ အီရန်၏ တိုက်ခိုက်မှုများကြောင့် ရေနံတင်သင်္ဘောများ ထိမှန်ခြင်း၊ အိုမန်ဆိပ်ကမ်းတစ်ခု မီးလောင်ကျွမ်းခြင်းနှင့်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန် ထိပ်တန်းလုံခြုံရေးအရာရှိက ထရမ့်အား သတိပေး – “ ခင်ဗျားကိုယ်တိုင် အရှင်းလင်းမခံရအောင် သတိထားပါ”

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 49 Views
၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) မှတစ်ဆင့် ရေနံတင်ပို့မှုများကို မပိတ်ပင်ရန် သမ္မတထရမ့်က အီရန်အား သတိပေးခဲ့ပြီးနောက်၊ အီရန်အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးက အင်္ဂါနေ့တွင် သမ္မတထရမ့်အား ပြန်လည်ခြိမ်းခြောက်ပြောဆိုခဲ့သည်။
နိုင်ငံတကာသတင်း ယူကရိန်း အမေရိကန် အီရန်

မိမိကိုယ်တိုင် အရှက်ခွဲခဲ့ဖူးသည့် ကမ္ဘာ့ခေါင်းဆောင်ထံသို့ ထရမ့် မှ အောက်ကျ နောက်ကျ အကူအညီတောင်းခံရန် ပြန်သွားရပြီ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 44 Views
AFPသတင်း- ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက် ဒေါ်နယ်ထရမ့်သည် ဗိုလိုဒီမာ ဇလန်းစကီး၏ အီရန်ဒရုန်းများကို တန်ပြန်တိုက်ခိုက်ရေး ကူညီပေးမည့် ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပြီးနောက်၊ ယခုအခါ အဆိုပါအကူအညီကိုပင် ပြန်လည်တောင်းခံခဲ့ရသဖြင့် အကျပ်ရိုက်စရာကောင်းသော အခြေအနေတစ်ခုသို့ ရောက်ရှိ
ကမ္ဘောဒီးယား နိုင်ငံတကာသတင်း

“ ဒီလူက ကျွန်မပါ၊ အရမ်းလှတယ်” – ကမ္ဘောဒီးယား ဆိုင်ဘာလိမ်လည်မှု လုပ်ငန်းခွင်အတွင်းပိုင်း

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 31 Views
AFP -၂၀၂၆ခုနှစ်၊မတ်လ (၁၁)ရက် ဖနွမ်းပင် (AFP) – ဘာသာစကားမျိုးစုံဖြင့် ရေးသားထားသော ဇာတ်ညွှန်းများ၊ အမျိုးသမီး ငယ်လေးများ၏ ဓာတ်ပုံများနှင့် အိမ်သာတက်ချိန်ကိုပင် ကန့်သတ်ထားသည့် စည်းကမ်း ချက်များအကြောင်းကို ဗုဒ္ဓဟူးနေ့က ဖမ်းဆီးရမိခဲ့သော ကမ္ဘောဒီးယား ဆိုင်ဘာလိမ်လည်မှု