မတ်လ (၃၁)ရက်။
NUG၊ CRPH နဲ့ KIO၊ KNU၊ CNF၊ Karenni တိုပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF)ကို ဖွဲစည်းခဲ့တယ်လို မနေ့ကထုတ်ပြန်ထားချက်အရ သိရပါတယ်။
အခုတော်လှန်ရေးကို တဆင့်တက်ပြီး အသွင်ကူးပြောင်းရေး အစိုးရတရပ် အောင်မြင်စွာ ဖွဲစည်းနိုင်ဖို၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖိုအတွက် စစ်ရေး၊ နိုင်ငံရေး၊ ဖက်ဒရယ်ရေးနဲ့ အင်စတီကျူးရှင်းဆိုင်ရာ ကိစ္စတွေကို ညှိနှိင်းဦးဆောင်လမ်းညွှန်အကောင်အထည်ဖော်နိုင်ဖိုအတွက် SCEF ကို ဖွဲစည်းတာလို ဆိုပါတယ်။
အဲ့ဒီကောင်စီကို ပြည်နယ်/ဖက်ဒရယ်ယူနစ်/EROs ကိုယ်စားပြုမဏ္ဍိုင်၊ ပြည်သူ့ကိုယ်စားပြုမဏ္ဍိုင်နဲ့ အမျိုးသမီးကိုယ်စားပြု/ကိုယ်စားလှယ်တွေ မဏ္ဍိုင်တိုကို အခြေခံပြီး တရားဝင်ဖွဲစည်းတာလို ဖော်ပြထားပါတယ်။
ကောင်စီရဲ့ မဟာဗျူဟာရည်မှန်းချက်ဟာ ဘယ်လိုအာဏာရှင်စနစ်ကိုမဆို အမြစ်ပြတ်ဖယ်ရှားပစ်ဖိုဖြစ်ပြီး နိုင်ငံရေးရည်မှန်းချက်တွေ၊ ရပ်တည်ချက်တွေကို လက်တွေ ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်မယ့် နိုင်ငံရေးအခင်းအကျင်းသစ်တခုကို စုစည်းညီညွတ်စွာ စတင်တာလို ဆိုထားပါတယ်။
နောက်ပြီး ပြည်ထောင်စုထဲ နေထိုင်ကြတဲ့ လူမျိုးတွေရဲ့ ကိုယ်ပိုင်လက္ခဏာတွေကို ကာကွယ်မြှင့်တင်ပေးပြီး အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ ပြည်နယ်တွေနဲ့ စုဖွဲထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ကို တည်ဆောက်သွားဖိုလို ရေးသားထားပါတယ်။
SCEF အနေနဲ့ ရည်မှန်းချက်တွေ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ဖိုအတွက် နိုင်ငံရေးဦးတည်ချက် (၆)ရပ် ချမှတ်ထားကာ စစ်တပ်ရဲ့ နိုင်ငံရေးမှာ ပါဝင်နေတာကို အပြီးတိုင် အဆုံးသတ်ဖို၊ လက်နက်ကိုင်တပ်ဖွဲတွေကို အရပ်သားအစိုးရရဲ့ စီမံအုပ်ချုပ်မှုအောက်မှာ ထားရှိဖိုနဲ့ ၂၀၀၈ခြေ/ဥကို ဖျက်သိမ်းပြီး ပြန်အသက်သွင်းဖို ကြိုးပမ်းတာတွေကို တိုက်ဖျက်ဖိုတို ဖြစ်ပါတယ်။
အဲ့ဒီအချက်ထဲ သက်ဆိုင်သူအားလုံး လက်ခံနိုင်တဲ့ ဖက်ဒရယ်နဲ့ ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ ဖွဲစည်းပုံအခြေခံဥပဒေသစ် ရေးဆွဲပြဋ္ဌာန်းဖိုအပြင် ထွက်ပေါ်လာတဲ့ ဖွဲစည်းပုံအခြေခံဥပဒေနဲ့အညီ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ကို တည်ဆောက်ဖိုနဲ့ ပဋိပက္ခထဲ မတရားကျူးလွန်ခံရသူတွေအတွက် တရားမျှတမှုရရှိဖိုနဲ့ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရရှိဖို လုပ်ငန်းစဉ်တွေ ဖော်ဆောင်ဖို စတဲ့အချက်တွေ ပါဝင်ပါတယ်။
ဦးဆောင်ကောင်စီအနေနဲ့ လုပ်ငန်းစဉ်တွေ ဆောင်ရွက်ရာမှာ အချုပ်အခြာအာဏာကို ပြည်သူလူထုက ပိုင်ဆိုင်ပြီး ဖက်ဒရယ်နဲ့ ပြည်နယ်/ဖက်ဒရယ်ယူနစ်တွေအကြား “ မျှဝေသုံးစွဲတဲ့ အချုပ်အခြာမူ” ကို ကိုင်စွဲမယ်လို ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် နိုင်ငံရေးဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ EROs၊ ဒီမိုကရေစီတော်လှန်ရေးအင်အားစုတွေ၊ အမျိုးသမီးအစုအဖွဲတွေနဲ့ ပြည်သူ့ကိုယ်စားလှယ်တွေရဲ့ သဘောထားအမြင်တွေ ပါဝင်တဲ့ “ စုပေါင်းခေါင်းဆောင်မှု” နဲ့ ဖော်ဆောင်သွားမယ်လို အသိပေးထားပါတယ်။
ကောင်စီဝင်အဖွဲတွေအနေနဲ့လဲ မတူကွဲပြားတာတွေကို အပြန်အလှန် လေးစားမှု၊ အသိအမှတ်ပြုမှုတိုကို အခြေခံပြီး “ မူဝါဒတရပ်ထဲ၊ မဟာဗျူဟာတရပ်ထဲ” မူဝါဒကို ကျင့်သုံးကာ ပိုမိုကျယ်ပြန့်တဲ့ နိုင်ငံရေးကိုယ်စားပြုမှုဖြစ်အောင် မဟာမိတ်အင်အားစုတွေနဲ့ ဆက်လက်ပူးပေါင်းညှိနှိင်းပြီး လက်တွဲဆောင်ရွက်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။








