လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ Facebook မှာ လက်သုံးချောင်းထောင်ထားတဲ့ပုံတင်လို့ဆိုပြီး ရန်ကုန်ရှိ တောင်ဒဂုံမြို့နယ်က အမျိုးသမီးတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးအမှုဖွင့်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ ၁၉ရပ်ကွက်နေ မမြကေခိုင်(၃၇)နှစ်အား လူမှုကွန်ယက်စာမျက်နှာမှာ လက်သုံးချောင်းထောင်ထားတဲ့ပုံ တင်လို့ဆိုပြီး စစ်ကောင်စီက ပုဒ်မ ၅၀၅(က)ဖြင့် ဖမ်းဆီးအမှုဖွင့်ခဲ့တာပါ။
ထိုဖမ်းဆီးအမှုဖွင့်ခံရတဲ့ မမြကေခိုင်သည် လူမှုကွန်ယက်စာမျက်နှာမှာ Kiti Khine Facebook အကောင့်ဖြင့် မေလ ၁၄ရက်နေ့မှာ Silent strike Black Campaign ဟုရေးသားပြီး လက်သုံးချောင်းထောင်ထားတဲ့ပုံ တင်ထားတာကြောင့် ဖမ်းဆီးခဲ့တာလို့ စစ်ကောင်စီနဲ့နီးစပ်တဲ့ တယ်လီဂရမ်အကောင့်များက ဖော်ပြထားပါတယ်။
အလားတူ သင်္ဃန်းကျွန်းမြို့နယ်နေ Jue Jue Facebook အကောင့်အသုံးပြုသူ ဆုမြတ်ထွန်း(ခ)ဂျူးဂျူးကိုလည်း နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပြားစေတယ်ဆိုပြီး စစ်ကောင်စီက ဖမ်းဆီးအမှုဖွင့်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ရန်ကုန်မှာ ပန်းသပိတ်လုပ်တယ်ဆိုပြီး စစ်ကောင်စီက အရပ်သားပြည်သူ ၄၀ထက်မနည်းကို ဖမ်းဆီးမှုများရှိခဲ့ကာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ပြည်သူများကို နေ့စဉ် နည်းလမ်းမျိုးစုံဖြင့် ခြိမ်းခြောက်မှုများရှိနေတာလည်းဖြစ်ပါတယ်။
Era’sEye