နေရာဒေသအများစု တည်ငြိမ်အေးချမ်းနေတယ်ဆိုပြီး ဗြောင်လိမ်ပြန်
ဇွန်လ (၄)ရက်။
နိုင်ငံတကာဖိုရမ်တွေမှာ တီမောနိုင်ငံသမ္မတက မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးနဲ့ပတ်သက်ပြီး ပြောဆိုတာတွေအပေါ် စစ်ကော်မရှင်က ဒီကနေ့မှာ သတိပေးတိုက်တွန်းစာ ထုတ်ပြန်ထားတယ်လို သိရပါတယ်။
တီမောသမ္မတရဲ့ ပြောဆိုတာတွေဟာ မြန်မာနိုင်ငံပြည်တွင်းရေးတွေအပေါ် ဝင်ရောက်စွက်ဖက်တာဖြစ်ပြီး အာဆီယံပဋိညာဉ်ပါ အခြေခံမူတွေကို လေးစားလိုက်နာတာမရှိဘဲ ဆန့်ကျင်နေတာလို ဆိုပါတယ်။
ဒီလိုပြောဆိုတာတွေဟာ မြန်မာ-တီမော နှစ်နိုင်ငံဆက်ဆံရေးကို ဆိုးရွာစွာ ထိခိုက်နိုင်ပြီး အာဆီယံမိသားစုစိတ်ဓါတ်ကို ထိခိုက်ပျက်စီးစေတယ်လို ဖော်ပြထားပါတယ်။
စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်ထဲ မြန်မာနိုင်ငံမှာ တီမောသမ္မတရဲ့ လွဲမှားတဲ့ ပြောဆိုတာတွေနဲ့ ဆန့်ကျင်ကာ နေရာဒေသအများစုမှာ တည်ငြိမ်အေးချမ်းနေတယ်ဆိုပြီး ဗြောင်လိမ်ထားပါသေးတယ်။
နယ်စပ်ဒေသအချိုမှာ လုံခြုံရေးအကန့်အသတ်ရှိနေတာက လက်နက်ကိုင်တပ်ဖွဲတွေရဲ့ ကျူးကျော်တိုက်ခိုက်တာတွေကို ခုခံကာကွယ်တာဖြစ်ပြီး မြေပြင်အခြေအနေကို ဘယ်သူမဆို လာရောက်ကြည့်ရှုဖို ထည့်သွင်းဖိတ်ခေါ်ထားပါသေးတယ်။
နောက်ပြီး စစ်ကော်မရှင်က တီမောသမ္မတအနေနဲ့ နိုင်ငံတကာဖိုရမ်တွေမှာ မြန်မာပြည်တွင်းရေးကိစ္စတွေကို မှားယွင်းစွာ ပြောဆိုတာတွေကို ပယ်ချကာ ရှောင်ကြဉ်ဖို သတိပေးထားပါတယ်။
ဒါ့အပြင် တီမောနိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ပုံရိပ်ကို ထိခိုက်စေတဲ့ ပုံဖော်ပြောဆိုတာတွေကို ရှောင်ကြဉ်ဖိုနဲ့ အာဆီယံပဋိညာဉ်ပါ ရည်ရွယ်ချက်နဲ့ အခြေခံမူတွေကို တာဝန်သိ အာဆီယံအဖွဲဝင်နိုင်ငံအနေနဲ့ လေးစားလိုက်နာဖို ထုတ်ပြန်ထားတယ်လို သိရပါတယ်။








