လီဗာပူးအသင်းဟာ ဘွန်ဒက်စ်လီဂါကလပ် လိုက်ပ်ဇစ်အသင်းက ကွင်းလယ်လူ ဇိုဘော့ဇ်လိုင်ကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ နဲ့ ၅ နှစ်စာချုပ် ချုပ်ဆိုခေါ်ယူလိုက်ပါတယ်။ ဇိုဘော့ဇ်လိုင်ဟာ အခုနွေရာသီမှာ လီဗာပူးအသင်းရဲ့ ဒုတိယမြောက် ကစားသမားသစ်ခေါ်ယူမှု ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ဘရိုက်တန်အသင်းက အာဂျင်တီးနားတောင်ပံကစားသမား မက်အယ်လစ္စတာကိုခေါ်ယူပြီးနောက်မှာ ဇိုဘော့ဇ်လိုင်ကို ထပ်မံခေါ်ယူခဲ့တာပါ။ ဇီုဘော့ဇ်လိုင်အနေနဲ့ လီဗာပူးအသင်းကို ရောက်ရှိလာခဲ့ပြီဆိုပေမယ့် ဗြိတိန်မှာ Work Permit လျှောက်ထားရဦးမှာ ဖြစ်ပါတယ်။
လီဗာပူးအသင်းကို ပြောင်းရွှေ့ခဲ့ပြီးနောက်မှာ ဇိုဘော့ဇ်လိုင်က “ သမိုင်းကြောင်းရှိပြီး နည်းပြကောင်းတစ်ယောက်ဦးဆောင်နေတဲ့ လီဗာပူးအသင်းမှာ ကစားခွင့်ရတော့မှာဖြစ်လို့ ဂုဏ်ယူဝမ်းမြောက်မိကြောင်းနဲ့ သူ့ရဲ့ ကစားသမားအဆင့်အတန်း နောက်တစ်ဆင့်ကို တက်လှမ်းဖို့ ကြိုးစားရတော့မှာဖြစ်တယ်”လို့ ထုတ်ဖော်ပြောသွားခဲ့ပါတယ်။
ဟန်ဂေရီကစားသမား ဇိုဘော့ဇ်လိုင်ဟာ ပြီးခဲ့တဲ့ရာသီက ဘွန်ဒက်စ်လီဂါမှာ ၃၁ ပွဲကစား၊ ၆ ဂိုးသွင်းယူကာ ၈ ဂိုးဖန်တီးပေးနိုင်ခဲ့သူဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ ဇိုဘော့ဇ်လိုင်ရဲ့ စာချုပ်ဖျက်သိမ်းကြေး သက်တမ်းကုန်လွန်သွားချိန်မှာ ကစားသမားနဲ့ သဘောတူညီမှုရယူကာခေါ်ယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။
Era’sEye/SportNews