စစ်အာဏာရှင်အဖွဲ့အစည်းကို ဖိအားပေးဖို့နဲ့ ပြစ်မှုကျူးလွန်သူတွေကို တာဝန်ယူမှု တာဝန်ခံမှုရှိစေဖို့အတွက် နိုင်ငံတကာက ကြိုးပမ်းအားထုတ်နေမှုတွေမှာ အမေရိကန်ပြည်ထောင်စုက ရှေ့ဆုံးက ပါဝင်နေတယ်လို့ သံရုံးအကြီးအကဲသစ် မစ္စ ဆူဆန်စတီဗင်ဆင်က ပြောဆိုလိုက်ပါတယ်။
မစ္စ ဆူဆန်စတီဗင်ဆင်က ရန်ကုန်မြို့ အမေရိကန်သံရုံးရဲ့ အကြီးအကဲအသစ်အဖြစ် မိတ်ဆက်တဲ့ ဗီဒီယိုဖိုင်မှာ သူမက ယခုလိုပြောဆိုခဲ့တယ်လို့ သံရုံးရဲ့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာနိုင်ငံတော်ပိုင် အကြီးမားဆုံး ဘဏ္ဍာရေးအဖွဲ့အစည်းနှစ်ခုအပါအဝင် လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းပေါင်း ၁၀၀ကျော်ကိုလည်း ဒဏ်ခတ်ပိတ်ဆို့အရေးယူခဲ့ပြီးဖြစ်တယ်လို့ ဆိုထားပါတယ်။
မဟာမိတ်တွေနဲ့အတူ ပူးပေါင်းဆောင်ရွက်တဲ့ အခုလို အရေးယူမှုတွေဟာ အာဏာရှင်အဖွဲ့အစည်းကို ဖိအားပေးရာရောက်သလို ငွေကြေးဈေးကွက်တွေနဲ့ ချိတ်ဆက်ဖို့ ပိုပြီး ခက်ခဲစေတယ်လို့ ၎င်းက ထပ်မံပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပဋိပက္ခကို အဖြေရှာနေသူတွေအားလုံးအပါအဝင် ဒီမိုကရေစီအရေးလှုပ်ရှားဆောင်ရွက်မှုအတွက် အားထုတ်မှုတွေကိုလည်း အားပေးထောက်ခံနေတယ်လို့ ထည့်သွင်းပြောဆိုထားပါတယ်။
မြန်မာပြည်သူတွေရဲ့ စိတ်ဓါတ်ကြံ့ခိုင်မှုနဲ့ သူရသတ္တိကို အသိအမှတ်ပြုကြောင်းနဲ့ လွတ်လပ်မှုအတွက် တောင်းဆိုမှုကိုလည်း ကြားသိရကာ အခြေခံကျတဲ့ အခွင့်အရေးတွေနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီအနာဂါတ်ကို လိုလားတောင့်တနေမှုကို အားပေးထောက်ခံကြောင်း ဖော်ပြထားချက်အရ သိရပါတယ်။
Era’sEye